ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှ ချယ်ဆီးနှင့် ရီးရဲမက်ဒရစ်၊ ဗီလာရီးရဲနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်ကို ဧပြီ ၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်၊ ဗီလာရီးရဲအသင်းတို့ အနိုင်ရရှိကာ နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။ ချယ်ဆီးနှင့် ရီးရဲမက်ဒရစ်အသင်းတို့ပွဲစဉ်တွင် ချယ်ဆီးအသင်းသည် ရီးရဲမက်ဒရစ် အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှုအသာဖြင့် ပွဲချိန်တစ်လျှောက် ဖိအားပေးကစား နိုင်ခဲ့သော်လည်း ရရှိလာသည့် အခွင့်အရေးများကို အသင်းကစားသမားများ ဂိုးအဖြစ် မပြောင်းလဲနိုင်မှု နှင့် ရီးရဲမက်ဒရစ်အသင်းဂိုးသမားကော့တွိုက်စ် လက်စွမ်းပြကာ ကွယ်ထားနိုင်မှုတို့ကြောင့် ဂိုးပြတ်ရှုံးပွဲ နှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ပွဲချိန် ၂၁ မိနစ်တွင် ဘင်ဇီမာ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ရီးရဲမက်ဒရစ်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် ဘင်ဇီမာကပင် သွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းအတွက် ချေပဂိုးကို မိနစ် ၄၀ တွင် ဟာဗက်ဇ်က သွင်းယူပေးခဲ့သည်။ ရီးရဲမက်ဒရစ်အသင်းအတွက် အနိုင် သေချာစေမည့် တတိယဂိုးကို ပွဲချိန် ၄၆ မိနစ်တွင် ဘင်ဇီမာက ထပ်မံသွင်းယူပေးခဲ့သည်။
ဗီလာရီးရဲနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်တွင် ပွဲချိန် ၈ မိနစ်၌ ရရှိခဲ့သော ဒန်ဂျွန်မာ၏ တစ်လုံးတည်း သော သွင်းဂိုးဖြင့် ဗီလာရီးရဲအသင်းက အနိုင်ရရှိခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ဗီလာရီးရဲအသင်းမှ ကိုကွီလင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗီအေအာရ်က ပယ်ဖျက်ခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဂိုးကန်သွင်းမှု ၂၂ ကြိမ်တွင် ဂိုးပေါက်တည့်မတ်မှု လေးကြိမ်ရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။
အောင်ဇော်