ရန်ကုန် ဧပြီ ၈
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယမန်နေ့က ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည်။
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အုပ်စု(ခ)တွင် ထိုင်း၊ မြန်မာ၊ လာအိုနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို မေ၉ရက်မှ ၁၅ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၈ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို မေ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်းအရေအတွက်နည်းပါက အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပ သော်လည်း ယခုနှစ်တွင်မူ အုပ်စုနှစ်ခုခွဲ၍ ကျင်းပ ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ငွေနှင့် ကြေးတံဆိပ်ဆုများသာရရှိဖူးပြီး နောက်ဆုံး ကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင်လည်း ကြေးတံဆိပ်ရရှိခဲ့သည်။
ကိုညီလေး