ကျောက်ဆည် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာမှ သံပယိုစိုက်တောင်သူများ သီးပင်များအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သံပယိုခြံစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။
သံပယိုသီးနှံစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး နေရာင်ခြည်ကောင်းစွာရရှိစေရန်အတွက် တစ်ပင်နဲ့တစ်ပင် (၁၈)ပေခြားပြီး အတန်းလိုက်စိုက်ပျိုးရကြောင်း၊ သံပယိုအပင်များငယ်ချိန်တွင် ကာလတိုသီးနှံများဖြစ်သည့် နံနက်၊ ချဉ်ပေါင်၊ ဆလပ် စသည့် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ များရကြောင်း၊ ကိုင်းကူးအပင်စိုက်ပျိုးပါက စိုက်ပျိုးပြီး တစ်နှစ်ကျော်၊ နှစ်နှစ်အတွင်း စတင်ခူးဆွတ် ရောင်းချရကြောင်း၊ မြေအစိုဓာတ်မပြတ် ရေသွင်းပေးပြီး လိုအပ်သည့်အချိန်တွင် မြေဩဇာကျွေးပေးခြင်း၊ ကိုင်းအခြောက်များ ရှင်းပေးခြင်းဖြင့် အပင်များဖြစ်ထွန်း၍ အသီးသီးနှုန်းလည်း ပိုမိုကောင်းမွန်ကြောင်း ကျောက်ဆောက်ကုန်းကျေးရွာမှ သံပယိုခြံပိုင်ရှင် ဦးမင်းနိုင်က ပြောသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ သံပယိုခြံပိုင်ရှိများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော သံပယိုအပင်များ၏ အသီးသီးနှုန်းအပေါ်မူတည်ကာ ခူးဆွတ်ရောင်းချလျက်ရှိရာ အသီးအရွယ်အစားအလိုက် မိုးရာသီတွင် အသီးတစ်လုံးလျင် ငွေ(၅)ကျပ်မှ (၁၀)ကျပ်အထိရောင်းချရပြီး နွေရာသီတွင် ငွေ(၁၀၀)ကျပ်မှ (၁၂၀)ကျပ်အထိ ရောင်းချရကြောင်း သံပယိုအပင် (၂၀၀၀)စိုက်ပျိုးထားပါက ထွက်နှုန်းပေါ်မူတည်ပြီး (၂)ရက်ခြားခူးဆွတ်ပါက အသီး(၂)သိန်းခန့် ခူးဆွတ်ရောင်းချရသဖြင့် သံပယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)