တာချီလိတ် ဧပြီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP) အရ အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၉ ရက် ညနေ ၃ နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် SAN SAI AUTO အသင်းနှင့် WANNAR FC အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ WANNAR FC အသင်းက ခုနှစ်ဂိုး သုညဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ဘောလုံးပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးခဲ့ သည့် ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးမင်းထွဋ်က လည်းကောင်း၊ အကောင်းဆုံးကစားသမားဆုနှင့် နေရာအလိုက်အကောင်းဆုံးကစား သမားဆုများကို ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်လွင်က လည်းကောင်း၊ ဒုတိယဆုရရှိသော SAN SAI AUTO အသင်းအား တစ်ဦးချင်း ဂုဏ်ပြုဆွဲပြားနှင့် ငွေသားဆုကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင်လဝကဦးစီးမှူး ဦးဦးသွင်က လည်းကောင်း၊ ပထမဆုရရှိသော WANNAR FC အသင်းအား တစ်ဦးချင်း ဂုဏ်ပြုဆွဲပြားဆုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီးသိန်းဇော်က လည်းကောင်း၊ ပထမ ငွေသားဆုနှင့် ဆုဖလားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP) အရ မတ်လ ၂၁ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အသင်းပေါင်း ကိုးသင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက်ရေးအစီ အစဉ်တွင် ဘောလုံး၊ ဘောလီဘော၊ စနူကာ၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ မာရသွန်စသည့် အားကစားပြိုင်ပွဲအမျိုးအစား ရှစ်မျိုးပါဝင်ပြီး အားကစားသမားပေါင်း ၆၉၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ယာဆေး(ပြန်/ဆက်)