ပဲခူး ဧပြီ ၁၀

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကဦးဆောင်၍ ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန် အပါအဝင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ ဧပြီ(၁၃)ရက်တွင် ဗဟိုမဏ္ဍာပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပမည် ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြမည်ဖြစ်သည့်အပြင် သင်္ကြန်အကြို၊ အကျ၊ အကြပ်နှင့် အတက်နေ့များတွင် တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ယိမ်းအကဖွဲ့ (၂၅)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကပြကြမည်ဖြစ်ပြီး ဧပြီ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပိတ်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။

 

ယှဉ်ပြိုင်ဖျော်ဖြေကပြကြမည့် ယိမ်းအဖွဲ့များမှ ဆုရရှိသော ယိမ်းအဖွဲ့များကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုအပြင် နှစ်သိမ့်ဆု (၅)ဆုကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ၁၃၈၄ ခု၊ မြန်မာနှစ်ဆန်း (၁)ရက်၂၀၂၂ခုနှစ်၊ ဧပြီ(၁၇) ရက်ညပိုင်း၌ နှစ်သစ်ကူးဓမ္မသဘင်ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌မဟာ သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာကျင်းပရေး ‌တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)