နေပြည်တော်၊ ဧပြီ ၁၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင် ဘက်(၁၄)မိုင် ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၅)တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် အမှတ်(၅) တည်ဆောက် ရေးညွှန်ကြားရေးမှူး ဦးတိုးလွင်က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏ အဓိက လုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီ အမံများကို လည်းကောင်း၊ တည်ဆောက်ပြီးဖြစ်သည့် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား (၅၄)မဂ္ဂါဝပ် ထုတ်လုပ်နေမှုကိုလည်ကောင်း ရှင်းလင်းတင်ပြရာ အမြဲတမ်း အတွင်းဝန် ဦးသန်းနိုင်ဦးနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဟိန်းထက်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်း၍ ပြည်သူလူထုမှ အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစား နေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ဓာတ်အားရောင်းချမှု မှရရှိသည့် ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်း လုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိ သုံးစွဲနိုင်စေရေးအတွက် စီမံကိန်းကို ဆောလျင်စွာ ပြီးစီးရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ပင်မတမံ တည်ဆောက် ပြီးစီးနေမှု၊ ပင်မရေပိုလွှဲလုပ်ငန်းတည်ဆောက်မှု၊ ရေယူအဆောက်အအုံ ကျောက်သားနံရံခိုင်ခန့်မှု လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ရေထိန်းတံခါးပြွန်တည်ဆောက်ပြီးစီးနေမှု၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်နှင့် ဖိအားမြင့်သံမဏိပိုက်လိုင်း Structure ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေမှုနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျားပေ (၁၈၀၀) အမြင့်ပေ(၂၃၀)ရှိ ဇုန်အမျိုးအစားကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသို လှောင်ပမာဏမှာ ဧကပေ (၁၀၄၀၀၀) ရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇)သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်း တစ်ခုလုံး၏ (၇၁ ဒသမ ၆၃)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား များကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)