ဒေါက်တာမြတ်မိုး

 

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြန်ပါပြီ။ နှစ်ဟောင်းက အညစ်အကြေးအဟောင်းများကို သင်္ကြန်ရေဖြင့် ပက်ဖျန်းဆေးကြော၍ အသစ်တို့တစ်ဖန်မွေးဖွားရန် တာစူနေသော အခါသမယလည်း ဖြစ်ပေသည်။ နှစ်ဟောင်းသည် သာမန်ထက်ပိုသည့် စိတ်လှုပ်ရှားမှုများ၊ ဖိစီးမှုများ၊ အခက်အခဲများ၊ သောကအပူများနှင့် ကျန်ခဲ့ပေပြီ။ အဟောင်းကိုချန်၍ အသစ်ကို မျှော်ကြရပေဦးမည်။ သင်ခန်းစာ ယူသင့်သည်ကိုယူ၍ အတွေ့အကြုံကိုမျှဝေကာ လိုရာခရီးကို ဆက်ကြရပေဦးမည်။

 

ဣဋ္ဌာရုံထက် အနိဋ္ဌာရုံကပိုများခဲ့

 

နှစ်ဟောင်းကိုပြန်ကြည့်လျှင် ကမ္ဘာကြီးလည်း မငြိမ်းချမ်း၊ လူသားတွေလည်း မအေးချမ်း၊ ကမ္ဘာတစ်လွှား စစ်ပွဲများကြား၊ ရောဂါဘယကပ်များအကြား အတိဒုက္ခရောက်ခဲ့ကြရသည်။ ဣဋ္ဌာရုံထက် အနိဋ္ဌာရုံက ပိုများလာနေသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသော ဗြဟ္မစိုရ်တရားများ နည်း သည်ထက်နည်းလာပြီဆိုလျှင် ကျီးလန့်စာစားဘဝ ဖြင့် ငြိမ်းချမ်းမှုသည် အလှမ်းဝေးသည်ထက် ဝေးနေ မည်ဖြစ်သည်။ ရိုးသားမှုများကို ဘယ်မှာရှာရမှန်း မသိ၊ ကတိကဝတ်များ ပျက်လာကြသည်။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်တိုက်ခိုက်မှုများဖြင့်သာ အချိန်ကုန်နေကြရသည်။ ကိုယ်ချင်းစာ၊ မျှဝေမှု ပရစိတ်ဓာတ်များ နည်းလာပြီး တစ်ကိုယ်ကောင်းဆန်အတ္တများ သာ များလာနေသည်။ အပြန်အလှန်ရိုသေလေးစားမှု နတ္ထိနှင့်အတူ ဆက်ဆံရေးများ ကျဲနေကြသည်။

 

လူသားတို့သဘာဝ ငြိမ်းချမ်းရေးကို အမှန်တကယ်မြတ်နိုးကြသည်ဆိုလျှင် ကျွန်တော်တို့ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတို့က ငြိမ်းချမ်းခြင်း၏အရသာကို ပို၍ခံစားလိုပြီး ပို၍တောင့်တကြမည်ထင်သည်။ မြန်မာပြည်သူတို့အတွက် ယမန်နှစ်သည် ခက်ခဲသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်မှာ သေချာပါသည်။ အကြောင်းကား နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသူ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ ပြည်သူအချင်းချင်း တစ်ခါဖူးမျှ မကြုံဖူးသည့် စိတ်ဝမ်းကွဲမှုမျိုးဖြင့် စိတ်မကောင်းဖွယ်ရာ ပဋိပက္ခများ၊ နာကျင်ခံစားမှုများ ရရှိခံစား ဒုက္ခရောက်ခဲ့ကြ၍ဖြစ်သည်။

 

အယူအဆမတူ၊ တွေးခေါ်မှုမတူသည်ကို အခြေခံ၍ အယူတိမ်းပါး ဘေးဘယာများ များခဲ့ကြသည်။ အမှန်ကိုမကြိုက်၊ အမှားကိုလိုက်နေကြသည်။ အကျင့်သီလသိက္ခာနှင့် အခြေခံနိုင်ငံသား ကျင့်ဝတ်များ ပျက်ယွင်းခဲ့ကြသည်။ အများပိုင် ပစ္စည်းဥစ္စာများ ဖျက်ဆီးခံရသည်အထိ ကိုယ်ရည်ကိုယ်သွေး နိမ့်ပါးခဲ့ကြသည်။ အချင်းချင်းပင် မေတ္တာမထား၊ ဒေါသပွား၊ ခိုက်ရန်များ၍ လက်ရဲဇက်ရဲ သတ်ကြဖြတ်ကြသည်အထိ အကုသိုလ်များ ရယူခဲ့ကြသည်။ တစ်ဦးအပေါ်တစ်ဦး ကြင်နာသနားမှု ကရုဏာမထား အနိုင်ကျင့်စော်ကားမှုများအောက်တွင် ထိခိုက်ဒဏ်ရာဗရပွဖြင့် လူ့အသက်များဆုံးရှုံး ခဲ့ကြရသည်။ ကိုယ့်ထက်သာသူကို မုဒိတာမပွား၊ သဘောထားမကြီးနိုင်၊ မာနအတ္တကို ရှေ့တန်းတင်ခဲ့၍ သူ့ညှိမရ၊ ကိုယ့်ညှိမရ အပြိုင်အဆိုင်များဖြင့်သာ အချိန်ကုန်ခဲ့ရသည်။ ကံငါးပါးကို လုံအောင်မထား အကျင့်ဆိုးများအောက်တွင် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ကြသည်။

 

နှလုံးသွင်းမှန်၍ ကုသိုလ်စိတ်ဖြစ်မှသာ …

 

ထို့ကြောင့်လည်း အသစ်ကူးမည့် နှစ်ဦးအခါသမယတွင် ကျွန်တော်တို့ မြန်မာပြည်သူများ အဆိုးများကျော်၍ အကောင်းဆုံးများဖြစ်လာရန် ကိုယ်စီသန္နိဋ္ဌာန်ကို ခိုင်ခိုင်မာမာ ချစေလိုပါသည်။ သစ်လွင်မှုများနှင့်အတူ မင်္ဂလာရှိစေချင်ပါသည်။ ယခုလိုအခါကာလသည် စိတ်သစ်ဖြင့် ခွန်အားသစ်များမွေးမြူရန် အခွင့်အခါကောင်းပင် ဖြစ်သည်။ နှစ်သစ်တွင် ကောင်းမှုမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝနေရန် အပြန်အလှန် ဆုမွန်ကောင်းများ တောင်းကြရမည် ဖြစ်သကဲ့သို့ ကုသိုလ်ကောင်းမှုများလည်း ပြုဖြစ်အောင်ပြုကြရမည့် အချိန်အခါဖြစ်သည်။ လူသစ်စိတ်သစ်ဖြင့် ခရီးဆက်မည်ဆိုလျှင် အတိတ်က စိတ်အညစ်အထေးနှင့် အကျင့်ဟောင်းများကို ချန်ထားခဲ့ရမည်ဖြစ်ပြီး မျှော်လင့်ချက် အပြည့်ဖြင့် နှစ်သစ်ကို ကြိုဆိုကြရမည်သာဖြစ်သည်။

 

စိတ်သစ်ဟုဆိုရာတွင် ကုသိုလ်စိတ်ထားကို ဆိုပါသည်။ ကုသိုလ်စိတ်တို့၊ အကုသိုလ်စိတ်တို့သည် အကြောင်းစိတ် မည်ပါသည်။ အကြောင်းကောင်းမှ အကျိုးရလဒ်ကောင်းမည်ဖြစ်၍ အကြောင်းကုသိုလ် စိတ်ကိုသာ မွေးကြစေချင်သည်။ လောကီအာရုံများကတော့ များစွာတွေ့နေရဦးမည်သာဖြစ်သည်။

 

အာရုံနှင့်လွတ်ကင်းသော စိတ်ဟူ၍လည်း မရှိနိုင်ရာ အာရုံကိုယူလိုက်သောစိတ်ကို သိမှ၊ ကိုယ်မှာ ဖြစ်လာသောအာရုံကို သိနေမှ၊ ဆင်ခြင်နိုင်မှသာ အာရုံကိုကောင်းမွန်စွာ ခံယူနိုင်သောစိတ်ဖြစ်ပါမည်။ အာရုံကိုစုံစမ်းပြီး ကောင်းသည်၊ မကောင်းသည် ဆုံးဖြတ်ပြီးသည်၌ ကောင်းစွာနှလုံးသွင်းနိုင်လျှင် ကုသိုလ်ဖြစ်၍၊ သင့်တင့်လျောက်ပတ်စွာ နှလုံးမသွင်းနိုင်လျှင်တော့ အကုသိုလ် ဖြစ်သွားပါမည်။ ထိုသို့စိတ်အစဉ်ကား ဆန်းကြယ်လှပါသည်။ အာရုံနှင့် တိုက်တိုင်းတိုက်တိုင်း ခဏတိုင်းမှာ ကုသိုလ်ဖြစ်ဖို့ကား နည်းလှသည်။ လူဆိုသော သတ္တဝါကား လောဘ၊ ဒေါသ၊ မောဟ အမြစ်တွယ်မှု များ၍ အကုသိုလ်ဖြစ်ဖို့ အခွင့်အလမ်းကား ပိုများလှ သည်။ ရတနာသုံးပါးကြည်ညိုသူတို့မှာသာ ကုသိုလ် ဇောစော၍ ကုသိုလ်ဖြစ်ရန် အခွင့်အလမ်းများကြသည်ဖြစ်သည်။

 

ကံ ကံ၏အကျိုးကိုယုံကြည်မှု

 

ထို့ကြောင့် လူ့ဘဝရခိုက်၊ ကြုံကြိုက်ခိုက်မှာ၊ ကုသိုလ်ကောင်းမှုပြုခွင့်ရခိုက်မှာ ဗုဒ္ဓဟောကြား မြတ်တရားများနှင့်တကွ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကို မမေ့မလျော့ဘဲ အမြင့်ဆုံးကိုးကွယ်၍ ရင်၌တည်ထားစေချင် ပါသည်။ ကံ ကံ၏အကျိုးကိုသာယုံကြည်ပြီး အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်သုံးပါးနှင့် ယှဉ်သော ပညာပါသော ပုညာဘိကုသိုလ်အရေးများ၌သာ အချိန်ရှိခိုက် လုံ့လစိုက်၍ ပို၍ပို၍ အားထုတ်ပြုလုပ် ကြစေချင်ပါသည်။ ကုသိုလ်နှင့်ကင်းပြီး အကုသိုလ်များ များနေသမျှ ကုသိုလ်ပြုခွင့် များများစားစား မရသော အပါယ်ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရ ကာယ်ဘုံများသို့သာ လားရာများနိုင်ပါသည်။ ထိုထို ဘုံဘဝများဆီသို့လည်း ဘယ်သူမျှ ရောက်ချင်ကြမည် မဟုတ်ပါ။ မတင့်တယ်သောဘုံဘဝများမှ ကင်းဝေးစေရန် အနာဂတ်တွင် ကုသိုလ် အရင်းအနှီးများကိုသာ များများမြှုပ်နှံပြီး ပီတိအတိုးများကိုသာ ထာဝရ ခံစားစေချင်ပါသည်။ ကောင်းသောအကျိုးများ ရချင်လျှင် ကောင်းမှုများကိုလုပ်ရန်သာ စေတနာ ထား၍ နှိုးဆော်ချင်ပါသည်။

 

ဒုစရိုက်တရားများကိုရှောင်

 

မိမိတို့ပြုသော ကောင်းသော၊ မကောင်းသော စိတ်နှင့်ယှဉ်သော ကုသိုလ်၊ အကုသိုလ် စေတနာသည် ကောင်းသောကံ၊ မကောင်းသောကံကို ဖြစ်စေ ပါသည်။ သို့ဖြစ်၍ နှစ်သစ်နှင့်အတူ ရှေ့ဆက်ရမည့်ခရီးတွင် အကုသိုလ်အမှုများကို မပြုမိအောင်ရှောင် ကြပါစို့။ သတ်ကြဖြတ်ကြ၊ ခိုးကြဝှက်ကြ၊ စော်ကား ပြုမူကြသည့် ကာယကံအကုသိုလ်များ၊ လိမ်ညာ၊ ကုန်းတိုက်၊ ကြမ်းတမ်း သိမ်ဖျင်း အဓိပ္ပာယ်မဲ့သည့် ဝစီကံအကုသိုလ်များ၊ ကိုယ်နှင့် သဘောထားမတိုက်ဆိုင်တိုင်း၊ အယူအဆမတူတိုင်း သေစေချင်မှု၊ သူတစ်ပါးပစ္စည်း ကိုယ့်ပစ္စည်းဖြစ်ချင်မှု၊ အယူမှားကြမှု စသည့်မနောကံ အကုသိုလ်များ မမွေးမိကြပါစေနှင့်၊ ထိုအကုသိုလ်အမှုများနှင့် အချိန် မကုန်ကြပါစေနှင့်ဟုသာ ကောင်းသောစိတ်ဖြင့် ဓမ္မစကား မျှဝေချင်ပါသည်။ ထိုဒုစရိုက်တရားများသည် လောဘ၊ ဒေါသ၊ မောဟနှင့်ယှဉ်သော အကုသိုလ်တရားများ ဖြစ်သည်။ ထိုဒုစရိုက်တရားများကို ကိုယ်တိုင်လည်း မပြုမိပါစေနှင့်၊ ကိုယ်တိုင် လည်း မတိုက်တွန်းမိပါစေနှင့်၊ သူတစ်ပါးလုပ်မိ လျှင်လည်း မချီးမွမ်းမိပါစေနှင့်ဟု ဆန္ဒပြုရပါသည်။

 

ပုညကြိယာ ဆောင်ကုသိုလ်ဖြင့် …

 

ရှောင်သီလဖြင့် မကောင်းသောဒုစရိုက်တရားများကိုရှောင်၍ ဆောင်ကုသိုလ်ဖြင့် ကောင်းသော သုစရိုက်တရားများကို ဆောင်ရပါမည်။ ပတ်ဝန်းကျင် တွင် မကောင်းသော အတွေးအကြံ၊ အပြောအဆို၊ အလုပ်အကိုင်များ များလွန်း၍ ဒုက္ခဆင်းရဲခြင်းများ ကြုံနေကြရသဖြင့် ပြုသင့်ပြုထိုက်သော ဆယ်ပါး သောကောင်းမှုကုသိုလ်များ (ပုညကြိယာဝတ္ထု ၁၀ ပါး) ကို မြဲမြဲမြံမြံပြုကျင့်ခြင်းဖြင့် သန့်ရှင်းကောင်းမွန် သော ပတ်ဝန်းကျင်ကောင်းကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်တည်ဆောက်ကြစေလိုပါသည်။ မရှိသူ၊ လိုအပ်နေသူများကို စွန့်ကြဲပေးကမ်းလှူဒါန်းပေးကြပါ၊ ကာယကံ၊ ဝစီကံအပြစ်များ မဖြစ်အောင် စောင့်ထိန်း ပြီး မနောကံအပြစ်မရအောင်နှင့် ကိလေသာများ လျော့ပါးအောင် သမထဝိပဿနာ ဘာဝနာများ ပွားကြပါ၊ ဂုဏ်ကြီးသူကိုရိုသေ၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၍ ရသမျှကုသိုလ်အရယူပြီး သူတစ်ပါး ကုသိုလ်အမှုကိစ္စ၌ ပို၍အားစိုက်ကူညီပေးပါ။ သူတော်ဆည်းကပ် မြတ်တရားကို အချိန်ပေး၍ ရိုရိုသေသေနာကြားပေးရန်လိုသကဲ့သို့ ကိုယ်သိသော တရားကိုလည်း မျှဝေပေးပါ။ ကံကိုသာ အယူဖြောင့် ၍ မိမိကောင်းမှုကုသိုလ်ကို အမျှပေးဝေသကဲ့သို့ သူတစ်ပါးကောင်းမှုကိုလည်း သာဓုခေါ်တတ်ပါစေ.. စသည်၊ စသည်တို့သည် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရာတွင် အရေးပါ ကောင်းမြတ်သောတရားများဖြစ်၍ ယခုရော နောက်နောင်ကာလများတွင်ပါ ပို၍အလေးထား ပြုလုပ်ရမည့် ကုသိုလ်ကောင်းမှုများပင်ဖြစ်ပါသည်။

 

ခင်ပွန်းကြီး ၁၀ ပါးပူဇော်ပါ  ဗြဟ္မစိုရ်တရားထားအပ်ရာ

 

ဗုဒ္ဓဘာသာဝင်များပီပီ မြန်မာလူမျိုးများသည် မိမိထက်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အရာ၌ ပို၍မြင့်မြတ်သူများကို ရိုသေလေးစား ဂါရဝတရား ထားကြသည်မှာ ကောင်းသောအစဉ်အလာတစ်ခု ဖြစ်ပါသည်။ မိမိ၌ ကိန်းနေတတ်သော ရာထူး၊ ဂုဏ်၊ အာဏာ၊ ပကာသနကို လျှော့နိုင်သမျှလျှော့ချ၍ ခင်ပွန်းကြီး ၁၀ ပါးကဲ့သို့ မြင့်မြတ်သောတရားများကို နေ့စဉ်အလေးထားပူဇော်ကြခြင်းဖြင့် မာန်မာန များကို လျော့ကျစေချင်ပါသည်။ လူတိုင်းလူတိုင်း၏ ဘဝတွင် မိမိအတွက်ရော၊ မိမိဆွေမျိုးဉာတကာ အတွက်ရော ဖြစ်နိုင်လျှင် လောကကောင်းကျိုးစီးပွား အတွက်ပါ မျှော်မှန်း၍ မှန်ကန်သောရည်ရွယ်ချက် များ ထားရှိသင့်သည်ဟု ခံယူထားပါသည်။

 

ထိုရည်ရွယ်ချက်များပြည့်မီရန်လည်း မြတ်ဗုဒ္ဓဟောကြားသော ဗြဟ္မစိုရ်တရားများကသာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်ဟု ယုံကြည်မိပါသည်။ သတ္တဝါများ၏ ကောင်းကျိုးကိုသာ လိုလားမှုမေတ္တာ ဓာတ်က ဒေါသကိုပယ်ပါသည်။ ကိုယ့်ထက်နိမ့်ပါး၍ ဆင်းရဲဒုက္ခရောက်သူကို ကြင်နာသနားကူညီမှု ကရုဏာက ဒုက္ခကိုပယ်ပါသည်။ ကိုယ့်ထက်သာ၍ ချမ်းသာသူအပေါ် ဝမ်းမြောက်ဝမ်းသာစိတ်ထား တတ်မှုမုဒိတာက မနာလိုမှုဣဿာကို ပယ်ပါသည်။ အတ္တမရှိ သည်းခံနားလည်ခွင့်လွှတ်ပေးနိုင်မှု ဥပေက္ခာက ဝန်တိုမှု မစ္ဆရိယကို ပယ်သတ်ပါသည်။ အလွန် ကောင်းမွန်သော တရားများတည်း။ တတ်အားသမျှ လေ့ကျင့်မွေးမြူထားသင့်သည့် ကောင်းမြတ်သော တရားများပင်ဖြစ်ပါသည်။

 

သူတော်ကောင်း၊ မိတ်ဆွေကောင်းလည်း ရှာတွေ့နိုင်ပါစေ

 

မည်သို့ပင်ဆိုစေ၊  စေတနာမှန်ဖြင့် ကောင်းမှုများ လုပ်နေသူတစ်ဦးအဖို့တွင် အတ္တမာန်မာနများ၊  မောက်မာမှုများ  လျော့ကျကင်းစင်လာမည်ဖြစ်ပြီး ကလျာဏမိတ်ဆွေအစစ်အမှန်များ တိုးသည်ထက် တိုးပွားလာမည်သာဖြစ်ပါသည်။ ယခုလို အကျပ် အတည်းကာလမျိုးတွင် မိတ်ဆွေအစစ်အမှန်သည် သာ ပို၍တန်ဖိုးရှိပြီး ကမ္ဘာမီးလောင် သားကောင်ချ နင်းသူများကြားတွင်  အားကိုးရာအမှန်ဖြစ်ပါလိမ့်မည်။

 

ဗြဟ္မစိုရ်တရား ထွန်းကား၍ သူတော်ကောင်း၊ မိတ်ဆွေကောင်းတိုးပွားခြင်းသည် ယခင်က ဆန့်ကျင်ဘက်များအကြား   သံသယများကို ပြေလျော့စေပြီး အမုန်းနှင့်အာဃာတများကိုလည်း ချုပ်ငြိမ်းပျောက်ကွယ်သွားစေမည်ဖြစ်ပါသည်။ အပြန်အလှန် အမှီသဟဲလိုအပ်သည့် ယခုကဲ့သို့ကာလတွင် အပြုံးများဖလှယ်၊ စေတနာပါသော ဆုတောင်းစကားများ ပါးခြင်းဖြင့် လုံခြုံစိတ်ချရသော ထာဝရအေးချမ်းတည်ငြိမ်မှုကို ရရှိနိုင်မည်ဟု ခံစားမိပါသည်။

 

အချုပ်အားဖြင့် နှစ်ကူးမင်္ဂလာ အခါတော်နှင့်တိုက်ဆိုင်၍ နိုင်ငံသူနိုင်ငံသားအားလုံးအတွက် အနိဋ္ဌာရုံများ ပပျောက်ပြီး ဣဋ္ဌာရုံများသာ ကြုံကြဆုံကြရန်၊ အကုသိုလ်များကင်းပြီး ကုသိုလ်တရားများ ပွားများစေရန်၊ ဘေးဥပဒ်အန္တရာယ် ကင်းစေရန်နှင့် ဗြဟ္မစိုရ်တရားများ ထွန်းကားလာစေရန် ရည်ရွယ်၍ ဆုမွန်ကောင်းများတောင်းလိုက်မိပါသည်။

 

“အတ္တာဟိ အတ္တနော  နာထော” ဟူ၍ ကျေးဇူးရှင်ဗုဒ္ဓမြွက်ကြား မြတ်တရားနာကြားဖူး ကြပါသည်။ မိမိသည်သာ ကိုးကွယ်ရာအမှန်ဖြစ်ပါသည်။ ကိုယ်ပြုသမျှ ကိုယ်စံရ၊ ကိုယ်ခံရမည့်သဘောကို နားလည်ထားရပါမည်။ နာကြားနေရုံဖြင့်လည်းမပြီး၊ ဆုတောင်းနေရုံမျှဖြင့်လည်း ပြည့်ဝလာမည် မဟုတ်ပါ။ ကိုယ်ကိုယ်တိုင် လိုက်နာကျင့်ကြံ လက်တွေ့အားထုတ် လုပ်ဆောင်မှသာ ကောင်းသောအကျိုးများ ရရှိခံစားရမည်ဖြစ်ပါသည်။ ကိုယ်ကိုယ် တိုင်ကျင့်ကြံပြီး ကိုယ်ကိုယ်တိုင်ရလိုက်သည့် အတွေ့အကြုံကသာ တကယ့်ပညာဉာဏ်ကို ရရှိမည်ဖြစ်ပြီး လူအချင်းချင်း လှည့်ပတ်ခံရခြင်း၊  လိမ်ညာခံရခြင်း များမှလည်း ကင်းဝေးပါလိမ့်မည်။

 

ထို့ကြောင့်  ဓမ္မမိတ်ဆွေအားလုံးအနေဖြင့် နှစ်သစ်မှစ  ရှေ့လာမည့်ကာလများတွင်

           
ဒုစရိုက်   အကုသိုလ်များ   ရှောင်ရှားနိုင်ပြီး သုစရိုက်ကုသိုလ်များသာ   ပို၍ပို၍ဆောင်နိုင်ကာ   ပူလောင်မှုများ ကင်းကြပါစေ၊

 

စိတ်ကိုနိုင်၍ စိတ်ကိုပိုင်ကာ  ကိုယ့်စိတ်ကို ထိန်းချုပ်ပြီး ကိုယ်တိုင်လည်း ငြိမ်းချမ်း၊ ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းအောင် ဆောင်ကြဉ်းပေးနိုင်ပါစေ၊

 

အစွဲများလျော့ပြီး အစွန်းတရားများမှလည်းလွတ်ကင်းကြပါစေ၊ စိတ်ကောင်းစိတ်မြတ်တို့နှင့်အတူ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ၊

 

ဗြဟ္မစိုရ်တရားတိုးကာပွား၍  ချမ်းသာခြင်း သုခကို အတူမျှဝေခံစားနိုင်ကြပါစေ ဟူ၍

ဆုမွန်ကောင်းများ တောင်းလိုက်ရပါသည်။  ။