ချောင်းသာ ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့သို့ မဟာသင်္ကြန်အကြိုကာလတွင် ခရီးသည်ဝင်ရောက်မှု တစ်နေ့တစ်ခြားများပြားလာပြီး နေ့စဉ်ဝင်ရောက်သည့် ယာဉ်အစီးရေ ၄၀၀ ကျော်ခန့်ရှိကြောင်း မြို့အဝင်စစ်ဆေးဂိတ် တာဝန်ရှိသူများထံက သိရသည်။
“အရင်နေ့တွေက ငှားတာတော့ ငှားရပါတယ်၊ ပုံမှန်တော့ မဟုတ်ဘူး၊ ခရီးသည်ကျတဲ့နေ့ဆို နည်းနည်းပိုငှားရတယ်ဗျ၊ ဒီမနက်ပိုင်းကတော့ ရေကူးသူ ရေကစားသူတွေ များလာတော့ ဘောကွင်းတွေ လက်မလည်အောင် ငှားရပါတယ်၊ သင်္ကြန်ကာလ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်ဆိုတော့ နယ်စုံကလာကြတာ ထင်တယ်၊ ဒီနေ့တော့ မနက်ပိုင်းကတည်းက ပိုပိုပြီး လူစည်ကားလာတာကို တွေ့ရတယ်” ဟု ကမ်းခြေ၌ ရေကူးဘောကွင်း အငှားဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ချောင်းသာကမ်းခြေသို့ လာရောက်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ကြရန်၊ ကမ်းခြေရှိ စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်နှင့် စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်တို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်မှုဖြင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)