ကျောက်ဖြူ ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားအား ယနေ့နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နံ့သာသွေးပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ နာယက ဒေါ်ရတနာဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး နာယက ဆရာမကြီး ဒေါ်တင်တင်အုန်းမှ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြိုင်ပွဲကျင်းပရေးကော်မတီ ဒိုင်ချုပ် ဒေါ်ခင်မြတ်မွန်က ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများအား ပြောကြား၍ ပြိုင်ပွဲဝင်အသင်းပွဲစဉ်များအား မဲစနစ်ဖြင့် သတ်မှတ်ရွေးချယ်ပေးခဲ့သည်။
ယင်းနောက် နံ့သာသွေးပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အစိုးရရပ်ကွက်၊ အရာရှိရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ ကုလားဘာတောင်ရပ်ကွက်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ စသော မြို့ပေါ် (၁၆)ရပ်ကွက်မှ ပြိုင်ပွဲဝင်အသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသည့် အနောက်ပိုင်းရပ်ကွက်အား ဆုငွေသုံးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် မြစ်နားတန်းရပ်ကွက်အား ဆုငွေနှစ်သိန်းကျပ်၊ တတိယဆုရရှိသည့် ငလပွေ့ရပ်ကွက်အား ဆုငွေတစ်သိန်းကျပ်နှင့် နှစ်သိမ့်ဆုရရှိသည့် ရပ်ကွက်များအား ဆုငွေငါးသောင်းကျပ်စီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း နံ့သာသွေးပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။
ထို့နောက် ပြိုင်ပွဲဝင်လှပျိုဖြူများမှ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်တန်ခိုးကြီး ကံ့ကော်တောဘုရားသို့ သွားရောက်၍ ဘုရားဝင်းအတွင်းရှိ ဘုရားဆင်းတုတော်များအား အမွှေးနံ့သာရည်များဖြင့် ရေသပ္ပါယ်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း