မြစ်ကြီးနား ဧပြီ ၁၃
မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားများကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စတင်ဖွင့်လှစ်ပေးခဲ့ရာ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲလျက်ရှိသည့် ယိမ်းအဖွဲ့များနှင့် ပြည်သူများအား သပြေခက်ဖြင့် အတာရေကို လိုက်လံဖျန်းပက်ခဲ့ကြကာ ပွဲတော်အတွင်း စတုဒိသာမဏ္ဍပ်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ် တစ်ရပ်အနေဖြင့် ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ညနေပိုင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့၊ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်လိုက်ကြောင်း ကြေညာပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ဖွင့်ပွဲအဖြစ် “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် ယိမ်းအဖွဲ့များ၏ စုပေါင်းကပြဖျော်ဖြေမှုကို အမွှေးနံ့သာရည်များဖြင့် လိုက်လံပက်ဖျန်းပေးကြပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ နာမည်ကျော် တေးသံရှင်များနှင့် ဒေသခံတိုင်းရင်းသား အဆိုရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တပ်မတော်အရာကြီးနှင့်အတူ တိုင်းစစ်ဌာနချုပ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးကြပြီး တပ်ရင်းတပ်ဖွဲ့မိသားစုများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)