ရန်ကုန်၊ ဧပြီ ၁၃
ဗုဒ္ဓသာသနာကို အခြေခံသည့် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ကို ဖော်ထုတ်ရန်၊ ရခိုင်သူရခိုင်သားအားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်မြှင့်တင်ရန်၊ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ကို မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်အဖြစ် ဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားများနှင့်တကွ နိုင်ငံသားအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နှင့် ရခိုင်လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်းစီစဉ်ကျင်းပသည့် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ နံ့သာသွေးပွဲကို ကျင်းပရာ ရခိုင်မျိုးနွယ်စုများ၊ ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသား လူမျိုးများနှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက စုပေါင်း၍ နံ့သာသွေး ကြသည်။
ထို့နောက် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် ဘုရားရေသပ္ပာယ်ပွဲ အခမ်းအနားကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ဖွင့်လှစ် ကြသည်။
ယင်းနောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ ကျင်းပရေးကော်မတီ နာယက ဒေါက်တာအေးချမ်းက ရခိုင်သင်္ကြန် ပေါ်ပေါက်လာပုံနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်၊ ရခိုင်ပြည်နယ်ဓမ္မာရုံဥက္ကဋ္ဌ ဦးဘသိန်းတို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲတော် ကျင်းပရေး ကော်မတီနာယကများနှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ရခိုင်မြို့နယ်အသင်းများနှင့် ရခိုင်လူမှုရေး အသင်းအဖွဲ့များက ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာရည်ဖြင့် ရေသပ္ပာယ်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကို ၂၀၀၄ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်ကြသူ ရခိုင်တိုင်းရင်းသားများက စုပေါင်း၍ ကျင်းပခဲ့ကြသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-လင်းလတ်ကြယ်