နေပြည်တော် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရေသဘင် ပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ် (၃၈) ရှိ ဝန်ကြီးဌာန ရေကစား မဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ယိမ်းအကများဖြင့် ပါဝင်ဆင်နွဲခဲ့ကြသည်။
သတင်းစဉ်