မန္တလေး ဧပြီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ လမ်းညွန်မှုဖြင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ရတနာပုံဉယျာဉ်ကြီးအား ရည်မှန်းချက် ကြီးကြီးဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက် မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် အတွက် ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁၃ရက် ၊ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက် တွင် ကျရောက်သော မြန်မာရိုးရာသင်္ကြန် အကြိုနေ့မ င်္ဂလာနံနက်ခင်းအချိန်တွင် ရတနာပုံ ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ဥယျဉ်တည်ရှိရာ နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြားတွင် အောင်အောင်မြင်မြင်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဝန်ကြီးချုပ်မှ ရတနာပုံဥယျာဉ်ဖွင့်ပွဲ အထိမ်းအမှတ် ကဗျည်းမော်ကွန်း ကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကဗျည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည်များ ပက်ဖျန်းပေးကြပြီး ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ရတနာပုံဥယျာဉ် မင်္ဂလာမဏ္ဍပ်တွင် နေရာယူကြပြီး ဝန်ကြီးချုပ်နှင့် မန္တလေးမြို့တော်ဝန်တို့မှ ရတနာပုံဉယျာဉ် တည်ဆောက်ရခြင်း အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး မန္တလေးမြို့ ရတနာပုံဥယျာဉ် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ကြ၍ မန်းကျုံးရေပြင် ရတနာပုံခေတ်လှေ အလှသရုပ်ပြမှု နှင့် လှည်းယာည်ကျော့တင်ဆက်မှု၊ မင်္ဂလာဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ အခမ်းအနားကို ရုတ်သိမ်လိုက်သည်။
အဆိုပါ ရတနာပုံဥယျာဉ်ကို ကျုံးမြို့ရိုး၊ပြအိုး အလှများဖြင့် ရှုမညီးလှသည့် ကျုံးရေပြင်တို့အကြားတွင် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် မြန်မာပြည်တွင် သာမက ကမ္ဘာတွင်ပင်မရှိသည့် ရှေးဟောင်းအမွေအနှစ် နေရာဒေသကြီးအား မူလပကတိ ရှေးဟောင်းကို ထိခိုက်မှုမရှိစေဘဲ ရှေ့ဟောင်းကိုပံ့ပိုးမှုဖြင့် အလှကျက်သရေ ပိုမိုပြည့်စုံခဲ့သည်။
အဆိုပါ ရတနာပုံဉယျာဉ်စီမံကိန်းကို မန္တလေးကျုံးနှင့် မြို့ရိုးပတ်လည်တွင် အများပြည်သူများ အပန်းဖြေနိုင်ရေးနှင့် ကျန်းမာရေးအတွက် နံနက်/ညနေ အားကစားလှုပ်ရှားမူများ ဆောင်ရွက်ရန်၊ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ပြည်တွင်း၊ပြည်ပ ခရီးသွား ဧည့်သည်များ လေ့လာသိရှိစေရန် ရည်ရွယ်ပြီး တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်