နေပြည်တော် ဧပြီ ၁၃
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အား ငြိမ်းချမ်းရေးရလဒ်၏ ပြယုဂ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး ဒေသခံ ပြည်သူလူထုများအနေဖြင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို မလွှဲမရှောင်သာ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လေးကေ့ကော်မြို့သစ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကြောင်းအရာအောက်၌ ခိုအောင်းပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက် ပြုလုပ်လျက်ရှိသဖြင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိစဉ် KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် လေးကေ့ကော်မြို့သစ် အမှတ် (၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌လည်းကောင်း၊ ဒေသအခေါ် တြိဂံကုန်း၊ လင်းယုန်ကုန်းနှင့် ရသေ့ဂူကျေးရွာတို့၌လည်းကောင်း ပြည်သူလူထုကို အကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် စုဖွဲ့နေထိုင်လျက်ရှိကြောင်း အမှတ် (၆) ရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောကြားမှုကြောင့် သိရှိခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဧပြီ ၁၀ ရက်တွင် လေးကေ့ကော်မြို့သစ်အတွင်း လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရန်သွားရောက်စဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တချို့ ပါဝင် သောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အမှတ်(၆)ရပ်ကွက် အတွင်းရှိ လူနေအိမ်များအား အကာအကွယ်ရယူကာ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တပ်မတော်အနေဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့်အညီ လိုအပ်သည့်အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူရယူ၍ ရန်သူပစ်မှတ်နှင့် ရန်သူ့နေရာများကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ တပ်မတော်စစ်ကြောင်းများက လေးကေ့ကော်မြို့သစ်အတွင်း အသေးစိတ် စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့များ နေထိုင်ခဲ့သည့်နေရာများ၊ ပစ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ၊ ထိခိုက်ဒဏ်ရာ ရရှိသည့် အကြမ်းဖက်သမားများကို ဆေးဝါးကုသပေးခဲ့သည့် နေရာများနှင့် ပြည်သူများ၏နေအိမ်ကို အကာအကွယ် ရယူ၍ ပစ်ခတ်ခဲ့သည့်နေရာများအား စစ်ဆေးတွေ့ရှိခဲ့ရသည်။
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး NCA ပါ သဘောတူညီချက်များကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိသော်လည်း အချို့လက်နက်ကိုင်အဖွဲ့ များအနေဖြင့် NCA သဘောတူညီချက်များအပေါ် ကျူးလွန်ဖောက်ဖျက် လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


