မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
“နောက်တော့လည်း ကျွန်တော့်ကို “မချမ်းသာချင်ဘူးလား” တဲ့မေးတယ်။ မချမ်းသာတဲ့တိုင်
ငွေပေါပေါများများမသုံးချင်ဘူးလားတဲ့”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏မျက်နှာမှာ တင်းမာလာသည်။ အကြည့်သည်လည်း “နဂါးစောင်း မာန်နှယ် စူးရှလွန်းလှသည်။ ဒေါသကြောင့် သူသည် ရုတ်တရက် ဘာပြောရမည်မသိတတ်အောင် ရှိရပုံပေါ်သည်။ တစ်ကိုယ်လုံး နတ်ကျသည့်နှယ် တုန်နေသည်။
ကိုငှက်ရိုးမှာကား အပြစ်ရှိသောကလေး တစ်ယောက်နှယ် သူ့ရှေ့မှောက်၌ တုန်လှုပ်စွာ ရပ်နေရလေသည်။
“သူက ငွေဘယ်လောက်လိုချင်တယ်လို့ပြောသလဲ ကိုငှက်ရိုး” ဒေါ်ရေနံ့သာခင်ခင်ကြီးထံမှ အသံထွက်လာသည်။
“ဒါကိုတော့ မပြောဘူးခင်ဗျ။ သူ့ကိုမေးကြည့်ရမှာပဲ”
“သူနဲ့ရှင် အလွယ်တကူတွေ့နိုင်သလားဟင်”
“တွေ့နိုင်ပါတယ်”
“ဒီလိုလုပ်ကြရအောင် ကိုငှက်ရိုး။ ရှင်မြင်တဲ့အတိုင်း ကျွန်မဟာချမ်းသာတယ်။ သူတောင်းသလောက်ငွေကို ပေးနိုင်တယ်။ သူတောင်းသမျှပေးမယ်။ အလီလီအလာလာ ခွဲပြီးပေးရတာ စာရင်းရှုပ်တယ်။ တစ်ခါတည်း အပြတ်ပြောပစေ။ ဟုတ်လား။ ဒါပေမဲ့ ရှင့်လူဆီက ကတိတစ်ခုတောင်းရမယ်။ အဲဒါကတော့ နောက်နောင် ကျွန်မကိုဖြစ်ဖြစ်၊ နန်းကိန္နရီကိုဖြစ်ဖြစ် အနှောင့်အယှက်လုံးဝမပေး ပါဘူးဆိုတဲ့ကတိပဲ။ ဘယ်နှယ့်လဲ ကိုငှက်ရိုး”
“ဟုတ်ကဲ့၊ ကျွန်တော် သူ့ကို အစ်မကြီးပြောတဲ့ စကား ပြောပေးပါ့မယ်”
“နောက်တစ်ခုက ရှင်”
“ဗျာ”
“ဟုတ်တယ်၊ ရှင့်ဆီကလည်း ကျွန်မကတိတောင်းရမယ်။ ရှင်ကိုယ်တိုင်လည်း ကျွန်မနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ နန်းကိန္နရီနဲ့ပတ်သက်လို့ဖြစ်ဖြစ် နောက်ကို အဆက်အသွယ်မလုပ်ပါဘူး။ ကျွန်မတို့အကြောင်းကို ဘယ်သူ့မှ မပြောပါဘူး၊ ရှင့်အဖို့ ဒီနာမည်တွေနဲ့ ဒီအကြောင်းတွေကို တစ်ခါမှ မကြားဖူးတဲ့ လူတစ်ယောက်လိုနေပါ့မယ် ဆိုတဲ့ကတိပေးရမယ်။ အဲဒီအတွက် ရှင့်ကို
ငွေတစ်ထောင်ပေးခဲ့မယ်”
“ငွေတစ်ထောင်”
“ဟုတ်တယ်၊ တစ်ထောင်။ ဘာလဲ နည်းလို့လား”
“အို မဟုတ်ရပါဘူး အစ်မကြီးရယ်”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ကြီးမားသော လက်ပွေ့အိတ်အတွင်းမှ နှစ်ဆယ်တန် ငွေစက္ကူအထပ်ကို ထုတ်ယူလိုက်သည်။ ကိုငှက်ရိုးအား လှမ်းပေးလိုက်ရာ ကိုငှက်ရိုး ယောင်ယမ်းယူလိုက်မိသည်။
“ကျွန်မပြောတဲ့ကတိကို ပေးတယ်နော်”
“ပေးပါတယ် အစ်မကြီးရယ်။ မယုံရင် အစ်မကြီး ရှေ့တင် ညောင်ရေအိုးရေ သောက်ပြပါ့မယ်”
“မလိုပါဘူး ကိုငှက်ရိုး။ ကျွန်မအနေနဲ့ ရှင်ကတိ တည်မတည် စောင့်ကြည့်ရမှာပေါ့။ အဲ တစ်ခုတော့ ပြောရဦးမယ်။ ကျွန်မဟာ ကတိမတည်တဲ့လူတွေကို အင်မတန်မုန်းတယ်ဆိုတာ ရှင်သိထားပါ။ တကယ်လို့ ကတိမတည်ခဲ့ရင် ကျွန်မအနေနဲ့ လက်တုံ့ပြန်ဖို့ ဘယ်လိုမှဝန်မလေးဘူး။ ဒီနေရာမျိုးကျရင် ကျွန်မရဲ့ ရှိတဲ့စည်းစိမ် ပြုတ်ပစေမမှုဘူး။ အဲဒါကို ရှင်လည်း မှတ်ထားပါ။ ရှင့်လူကိုလည်း ပြောပြလိုက်ပါ ကိုငှက်ရိုး”
ကိုငှက်ရိုးမှာ ဒေါ်ရေနံ့သာခင်ခင်ကြီးအားကြည့်ရင်း ကျောထဲမှစိမ့်တက်လာသည်။ ပြောသလိုလုပ်မည့် မိန်းမစားမျိုးပါကလားဟု နားလည်သည်။ လုပ်နိုင်အောင်လည်း ငွေကြေးတတ်နိုင်ကြောင်း သိလာသည်။
“အစ်မကြီး ကိုမောင်မောင်ဦးနဲ့တစ်ခါတည်း တွေ့သွားမလားဟင်”
ကိုငှက်ရိုး၏အမေးကြောင့် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ကိုယ်မှာ ဆတ်ခနဲဖြစ်သွားသည်။
ကိုငှက်ရိုး ထပ်ပြောသည်။
“တစ်ခါတည်းကိစ္စပြီးသွားအောင် ကိုမောင်မောင် ဦးနဲ့တွေ့ဖို့ ကျွန်တော်စီစဉ်ပေးမယ်လေ”
“အဲဒီလိုဆိုရင်၊ ရှင်ကျွန်မကို လူသတ်မှုဖြစ်အောင် ဖန်တီးပေးလိုက်တာနဲ့ အတူတူဖြစ်သွားမှာပေါ့ ကိုငှက်ရိုး။ ဒီလူ့မျက်နှာကိုမြင်ရရင် ကျွန်မ လူသတ်မိလိမ့်မယ်”
ကိုငှက်ရိုး ကျောစိမ့်ရပြန်သည်။
“ဒါဖြင့်”
“ဒီလိုလုပ်လေ၊ ရှင့်လူကိုမေး ငွေဘယ်လောက် ပေးရမယ်ဆိုတာ။ တစ်ခါတည်းနဲ့ ဗမာတစ်ပြည်လုံး ဝယ်နိုင်တဲ့အထိတော့ မတောင်းစေနဲ့ပေါ့ရှင်။ ဟုတ်လား။ ကျွန်မရဲ့ရှိသမျှ စည်းစိမ်ပြုတ်တဲ့အထိတော့ မတောင်းစေနဲ့ပေါ့ ”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သူ၏စကားကို သူ့ဘာသာ သဘောကျသလို ရယ်လိုက်သည်။
“မျှမျှတတ တောင်းပစေပေါ့။ သူတောင်းတဲ့ငွေ ပမာဏကို ကျွန်မဆီဖုန်းဆက်ပြော။ ကျွန်မ အပို့လွှတ်လိုက်မယ်၊ ဟုတ်ပြီလား”
“ဟုတ်ပါပြီ အစ်မကြီး”
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ချက်ချင်းပင် ကိုငှက်ရိုး၏အိမ်မှ ဆင်းသည်။ ကိုငှက်ရိုးအား နှုတ်မဆက်၊ စကားတစ်ခွန်းမှလည်းမပြော၊ သည်အတိုင်းထွက်သွားသည်။
အိမ်ရှေ့တွင် ရပ်ထားသောကားသို့တက်ကာ မောင်းထွက်စေသည်။ နောက်သို့ တစ်ချက်ကလေး သော်မျှ စောင်းငဲ့မကြည့်ခဲ့။
ကိုငှက်ရိုးမှာ ငွေတစ်ထောင်အထုပ်ကိုကိုင်ရင်း ငူငူငိုင်ငိုင်ကြီး ကျန်ရစ်ခဲ့လေသည်။
ဆိုင်သို့ မောင်မောင်ဦးဆိုသူနှင့် သူ၏အဖော်တို့ အလျင်ရောက်နှင့်နေကြောင်း ကိုငှက်ရိုးတွေ့ရသည်။ ကိုငှက်ရိုးသည် သူတို့စားပွဲသို့ဝင်ထိုင်သည်။
“ဟေ့ ကိုငှက်ရိုး၊ ခင်ဗျာ့ကြည့်ရတာ ငိုင်တိငိုင်တိုင် နဲ့ ဘယ်လိုဖြစ်လာတာလဲဗျ”
မောင်မောင်ဦးဆိုသူက မေးသည်။ အမှန်ပင်၊ ကိုငှက်ရိုးကိုကြည့်ရသည်မှာ ငူငူငိုင်ငိုင် ကြီးဖြစ်နေသည်။ စိတ်လက်မအီမသာ ဖြစ်နေရသည့် ဟန် ပေါ်ပေါက်နေသည်။ ကိုငှက်ရိုးသည် အရက်တစ်ခွက်မှာကာ ကသော ကမျော သောက်ချလိုက်သည်။ ပြီးမှ၊ သူကဆိုသည်။
“ခင်ဗျားနဲ့ ကျုပ် အေးအေးဆေးဆေး စကားပြော စရာရှိတယ် ကိုမောင်မောင်ဦး”
“ပြောလေဗျာ”
မောင်မောင်ဦးက တိုက်တွန်းသော်လည်း ကိုငှက်ရိုးမပြော။ ထိုသူ၏ နံဘေးမှလူကို ကြည့်သည်။
“လာဗျာ၊ အပြင်ခဏသွားကြရအောင်”
မောင်မောင်ဦးဆိုသူနှင့် ကိုငှက်ရိုးတို့ ဆိုင်အပြင်သို့ ထွက်ခဲ့ကြသည်။ ဗာဒံပင်အောက်သို့ ဝင်ခဲ့ကြသည်။
“ဆိုစမ်းပါဦး ကိုငှက်ရိုး၊ အကြောင်းတစ်ခုခု ထူးလာပြီထင်တယ် ”
“ထူးပြီလားဗျာ” ဆိုရင်း ကိုငှက်ရိုးသည် သူ့အား ဒေါ်ရေနံ့သာခင်ခင်ကြီး လာတွေ့ကြောင်း၊ ငွေတောင်းလျှင် ပေးမည့်အကြောင်း၊ ကတိတောင်းကြောင်းများကို ပြောပြလိုက်သည်။
သို့ရာတွင် ဒေါ်ရေနံ့သာခင်ခင်ကြီးက သူ့အား ငွေတစ်ထောင် သပ်သပ်ပေးခဲ့သည်ဆိုခြင်းကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိချေ။ သည်စကားကို မပြောဖြစ်စေရန်၊ တစ်စွန်းတစ်စပါမသွားစေရန် သတိထားသည်။ မဟုတ်တာ လုပ်မိခြင်းအတူတူ သည်တစ်ကွက်ကိုတော့ ချန်ရပေမည်ပင်။
သူ့စကားကို မောင်မောင်ဦးဆိုသူ စိတ်ပါဝင်စားစွာ နားထောင်နေကြောင်း တွေ့ရသည်။ စကားအဆုံးတွင် လေချွန်လိုက်သည်။
“ဟုတ်ပြီ၊ ဒီလိုဆိုရင် ပြတ်တာပေါ့။ ခင်ဗျား ဖုန်းဆက်လိုက်ဗျာ”
“ဖုန်းဆက်တာတော့ ဟုတ်ပါပြီ။ ငွေက ဘယ်လောက်တောင်းမှာလဲ”
မောင်မောင်ဦးဆိုသူသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စဉ်းစားသည်။ စိတ်တွက်နေသည်။ ဖဲကြွေးအတွက် သူငယ်ချင်းထံမှ ချေးယူငွေက ငါးထောင်၊ ကျန်ငွေကနှစ်ထောင် အပိုသုံးဖို့အတွက် တစ်ထောင်၊ နှစ်ထောင်လောက်ရရင် တော်လောက်ပါပြီ။ အဲ ကိုငှက်ရိုးကို ခွဲပေးရဦးမှာပါကလား သူ့အတွက် တစ်ထောင်ထား။
“ဒီမယ် ကိုငှက်ရိုး ငွေတစ်သောင်းတောင်းဗျာ”
မောင်မောင်ဦးဆိုသူ၏စကားကြောင့် ကိုငှက်ရိုး ထိတ်လန့်သွားသည်။
“ဗျာ၊ တစ်သောင်းတောင်လား”
“အင်းလေ၊ ဘာလဲ မပေးနိုင်ဘူးအောက်မေ့လို့ လား”
“မဟုတ်ပါဘူးဗျာ၊ များလွန်းနေလို့ပါ”
“ဒါက ခင်ဗျားအပူမဟုတ်ပါဘူး။ တောင်းမှာသာ တောင်းစမ်းပါ။ သူ ပေးမှာပါ ကိုငှက်ရိုး”
ကိုငှက်ရိုး ဘာမျှမပြောတတ်တော့။ သို့တိုင်အောင် တွေနေဆဲရှိသည်။
“ခင်ဗျားတစ်နေရာရာက ဖုန်းသွားဆက်။ ကျုပ်တို့ဆိုင်ကစောင့်နေမယ်။ ဟုတ်ပြီလား”
သည်တော့မှပင် ကိုငှက်ရိုး ထွက်လာဖြစ်ခဲ့သည်။
အဘယ်ကြောင့်ဟူ၍မသိ။ ကိုငှက်ရိုးစိတ်ထဲမှာ အလိုလိုနေရင်း လေးလံသည်။ စနောင့်စနင်းဖြစ်နေသည်။ အများသုံးတယ်လီဖုန်းသို့ လာခဲ့သည်။ ဒေါ်ရေနံ့ သာ ခင်ခင်ကြီး၏ ဖုန်းနံပါတ်ကို လှည့်လိုက်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏အသံကိုပင် ကြားရပါသည်။
“ကိုငှက်ရိုး မဟုတ်လား။ ကျွန်မ ရှင့်ဖုန်းကို ထိုင်စောင့်နေတာ” ရုတ်တရက်တွင် ကိုငှက်ရိုးသည် ပြောရမည့် စကားအတွက် မဝံ့မရဲ ဖြစ်နေမိသည်။ နှုတ်လေးနေမိသည်။
“ရှင့်လူက ငွေဘယ်လောက်တောင်းသလဲဟင်”
“ တစ်သောင်း ”
“ ဒါပဲလား ”
“ ဗျာ ”
“ သူတောင်းတဲ့ငွေက ဒါပဲလား ”
“ ဟုတ်ကဲ့ ”
တစ်ဖက်မှ ရုတ်တရက်ဆိုသလို အားပါးတရ ရယ်ချလိုက်လေသည်။ ကိုငှက်ရိုးမှာ အလန့်လန့် အဖျပ်ဖျပ် ဖြစ်သွားရသည်။ အချောက်ချောက်အချားချား ရှိသွားရသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အဆက်မပြတ်အောင် အော်ဟစ်ရယ်မောနေ သည်။ ယင်းမိန်းမကြီးမှာ ရူးသွပ်၍များသွားလေပြီ လားဟုပင် ထင်မိသည်။
အတော်ကြီးကြာမှ ရယ်သံပျောက်သွားသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ အသံပေါ်လာသည်။
“ကိုငှက်ရိုး”
“ဗျာ”
“သူတောင်းတဲ့ငွေကို ကျွန်မ အခုချက်ချင်းအပို့ခိုင်းလိုက်မယ်။ ရှင့်အိမ်ကိုပဲပို့လိုက်မယ် ဟုတ်ပြီလား”
ဒေါ်ရေနံ့သာခင်ခင်ကြီး၏အသံမှာ ပြတ်သား လွန်းလှသည်။
ဆက်လက်ဖော်ပြပါမည်။