mdn

မင်းဘူး ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ဈေးကွက်သို့ ငရုတ်သီးစိမ်း ဝင်ရောက်မှုနည်းပြီး ဝယ်ယူသုံးစွဲသူ များနေသဖြင့် ငရုတ်သီးစိမ်းဈေးများ ပြန်လည် မြင့်တက်လာရခြင်းဖြစ်ကြောင်း မင်းဘူးမြို့နှင့် ရခိုင်ပြည်နယ် စားသောက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနေသူ ကိုသာပေါထံမှ သိရသည်။

အဆိုပါ ငရုတ်သီးစိမ်း သီးနှံများကို ယခင်လများက ပွဲရုံဝယ်ဈေး ကျပ် ၆၀၀/၇၀၀၊ ဈေးကွက်အတွင်း လက်လီ ပြန်လည်ရောင်းချဈေး ကျပ် ၉၀၀/၁၀၀၀ သာရှိသော်လည်း ယခုဧပြီလတွင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ကျော် ဖြစ်နေကြောင်း ၎င်းကဆိုပြန်သည်။

“ကျွန်တော်တို့ မင်းဘူးမြို့ ငရုတ်သီးစိမ်း ဈေးကွက်မှာ ယခင်က ပိဿာချိန် ၉၀၀၀၊ ၁၀၀၀၀ အထိ ဝင်ရောက်လျက် ရှိသော်လည်း ယခုကာလများတွင် ငရုတ်သီးစိမ်း ဝယ်လိုအားများပြီး ရောင်းချသူ နည်းပါးသွားတဲ့အတွက် အခုလို ငရုတ်သီးစိမ်းဈေး ပြန်တက်လာတာပါ” ဟု မင်းဘူးမြို့ ကုန်မျိုးစုံ လက်လီ လက်ကား ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးအောင်ဆန်းက ပြောသည်။

မင်းဘူးမြို့ရှိ ငရုတ်သီးစိမ်း ပွဲရုံများသို့ ပျဉ်းမနား၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ် စသော မြို့နယ်များမှ ဝင်ရောက်လျက်ရှိပြီး ငရုတ်သီးခြောက်များကို ရေနံချောင်းမြို့နယ် မြေနုကျွန်းများနှင့် မင်းဘူး(စကု)မြို့နယ် သနပ္ပင်စု၊ မန်းကျိုး၊ ရွာသစ်ကုန်း စသော ကျေးရွာများမှ ဝင်ရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)