ရန်ကုန် ဧပြီ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မိသားစုများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ဘာသာမတူ၊ လူမျိုးမတူ၊ မတူကွဲပြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသော အခါသမယတွင် မဟာသင်္ကြန် နှင့်အတူ အေးအေးချမ်းချမ်းဖြင့် ရောဂါများကင်းဝေးပြီး နိုင်ငံတော် အေးချမ်းသာယာဖွံ့ဖြိုးစေရန်အတွက် အတူလက်တွဲ၍ စိတ်ကိုယ်တူဖြင့် လျှောက်လှမ်း နိုင်ကြပါစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ) နှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်ခင်မေ (ခရစ်ယာန်ဘာသာ) တို့က မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများကို သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။
ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်အကျနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြသူများကို သီးစုံသက်သက်လွတ် ဒံပေါက်ထမင်း၊ ရွှေရင်အေး၊ ရေသန့်ဗူးတို့ကို အာဟာရဒါန ပေးအပ်လှူဒါန်းကြသည်။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) သည် ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့တွင် ပဲထောပတ်ထမင်း၊ ရွှေရင်အေး၊ ရေသန့်ဗူးတို့ကိုလည်းကောင်း၊ ဧပြီ ၁၆ ရက် မဟာသင်္ကြန် အတက်နေ့တွင် ဒံပေါက်ထမင်း၊ ရွှေရင်အေး၊ ရေသန့်ဗူးတို့ကို လည်းကောင်း၊ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မြန်မာရိုးရာ မုန့်ဟင်းခါး၊ ရွှေရင်အေး၊ ရေသန့်ဗူးများ ဖြင့်လည်းကောင်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများကို အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
သတင်း-ကိုကိုဇော်၊ ကျော်စိုးဝင်း
ဓာတ်ပုံ- လင်းလတ်ကြယ်