နေပြည်တော် ဧပြီ ၁၄

 

နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အအုံများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ လုပ်ဆောင်လျက် သည်ကို တွေ့ရှိရသည်။

 

ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်

 

ထိုသို့  လုပ်ဆောင်လျက်ရှိရာ ဧပြီ ၁၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်  ရွာကုန်းကြီးကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင် ဆရာတော်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်  ဥူးပညာသာရ (ခ) ဦးဆန်းမောင် (၅၃) နှစ် (၃၃) ဝါ (ဘ) ဦးဖိုးရှင်းသည် ဘုန်းတော်ကြီး ကျောင်းအတွင်း ရှိနေစဉ်  PDF အကြမ်းဖက်အဖွဲ့အင်အားငါးဦးခန့်က သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ကျောင်းဝင်း အတွင်းသို့ ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ (ခ)  ဦးဆန်းမောင်အား ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ဆွမ်းချက်ဆောင်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ဝိုင်းဝန်း ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ (ခ) ဦးဆန်းမောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိ ကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့နံနက် ၉ နာရီခန့်တွင် ထီးချိုင့်မြို့နယ် တုံလုံကျေးရွာရှိ ရွှေသုဝဏ် ဘုန်းကြီးကျောင်း၌ ဒုလ္လဘရဟန်း နှစ်ပါးအား PDF အမည်ခံ အကြမ်း ဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်းဝတ်နေသူ တုံလုံကျေးရွာနေ ဦးမြင့်ဦး (၅၃) နှစ် (ဘ) ဦးပြည်ကျော်နှင့် ဦးစိုးတင့် (၅၃) နှစ် (ဘ)  ဦးမောင်ဝင်းတို့သည် ကျောင်းအတွင်းရှိနေစဉ်  သေနတ်များကိုယ်စီ ကိုင်ဆောင်ထား သည့် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို ဘုန်းတော်ကြီးကျောင်းအောက်သို့ ဖမ်းဆီးခေါ်ဆောင်၍ ဦးမြင့်ဦးကို ကျောင်းလှေကားရင်း၌  လည်းကောင်း၊  ဦးစိုးတင့်ကို ဘုန်းကြီးကျောင်း မုခ်ဝတွင်  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးမြင့်ဦးနှင့် ဦးစိုးတင့်တို့ တွင်  သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိနိုင်ရေး

 

ထိုကဲ့သို့ သာသနာ့အနွယ်ဝင် သံဃာတော်များအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ယနေ့ထိ ဒဏ်ရာရရှိသူ ရဟန်း သံဃာတော် ၁၂ ပါး၊ သေဆုံးသူ ရဟန်းသံဃာတော်  ၃၃ ပါးနှင့် သီလရှင်တစ်ပါးတို့ ရှိပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်