ကော့သောင်း ဧပြီ ၁၅
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့အဖြစ် ကော့သောင်းမြို့ ပြည်သူများ ဗဟိုဆုပေးမဏ္ဍပ်ရှိရာ ဆိပ်ကမ်းသာလမ်းတစ်လျှောက် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ရေကစားကြကြောင်း သိရသည်။
ကော့သောင်းမြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် နံနက် ၈ နာရီမှစတင်၍ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များ၊ ရပ်ကွက်အလိုက် မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကအဖွဲ့များ၏ ဧည့်ခံကပြသီဆိုဖျော်ဖြေကြပြီး စတုဒိသာ ကျွေးခြင်းအစီအစဉ်များဖြင့် မြို့နေမိဘပြည်သူများ၊ လူငယ်လူရွယ်များ ပျော်ရွှင်စွာ လာရောက်ရေကစားကြသည်ကို တွေ့မြင်ရသည်။ အလားတူ ဧပြီ ၁၄ ရက် ညပိုင်းက ရပ်ကွက်အလိုက် ယိမ်းအကပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှုကို မြို့နေပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
သင်္ကြန်ပွဲတော်နှင့် နှစ်အတန်ကြာဝေးကွာခဲ့ရသည့် မြို့နေပြည်သူမိသားစုများ အစုအဖွဲ့အလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်ရေပက်ခံထွက်ကာ ဗဟိုဆုပေးမဏ္ဍပ်ရေကစားပွဲသို့ လာရောက်ဆင်နွှဲကြပြီး မြန်မာ့ရိုးရာ ယိမ်းအဖွဲ့ဖြေဖျော်မှုများကို ကြည့်ရှုအားပေးကြကာ ခေတ်ပေါ်တေးဂီတ သီဆိုဖြေဖျော်မှုနှင့်အတူ ဝိုင်းဝန်းကခုန် ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲကြလျက်ရှိသည်။
ကျော်စိုး (ကော့သောင်း)