စာချစ်သူ

၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ကူးပြောင်းခဲ့ချေပြီ။ မြန်မာလူမျိုးတို့သည် နှစ်သစ်၏ အမွန်အစဖြစ်သော မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုးများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့် ဒါန၊ သီလ၊ ဘာဝနာတရားများ အားထုတ်လေ့ရှိကြသည့်နည်းတူ သက်ကြီးဝါကြီးအဘိုးအဘွားတို့အား ဂါရဝပြုခြင်း၊ ခေါင်းလျှော်၊ ခြေသည်းလက်သည်းညှပ်ခြင်း  စသည့်ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြသည်။

ထို့အတူ ရှေးမြန်မာဘိုးဘွားများသည် အတိတ်၊ နိမိတ်၊ စနည်း၊ တဘောင်၊ ဘဝေါ၊ တိတ္ထုံ စသည့်လောကီအယူဝါဒများအရလည်း မင်္ဂလာ ရှိသောအပြုအမူ၊ အပြောအဆို၊ အတွေ့အကြုံများကိုသာ လုပ်ဆောင်ကြပြီး နိမိတ်မကောင်းသော အပြုအမူ၊ အပြောအဆိုများ၊ အမင်္ဂလာဖြစ်သော ငိုချင်းများ၊ တေးသံများ၊ အနိဋ္ဌာရုံဖြစ်သော မြင်ကွင်းများ မမြင်ရ၊ မကြားရစေရန် အထူးသတိပြု ရှောင်ကြဉ်လေ့ရှိကြသည်။ 

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာ၊ နိမိတ်ထွန်း

ဘိုးဘွားများသည် ဇမ္ဗူဒီပ နိမိတ္တ၊ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းသည် ဩဘာ၊ နိမိတ်ထွန်းသည်ဟုလည်း ယုံကြည်ကြကုန်သည်။ ဘိုးတော်မင်းတရားလက်ထက်တွင် အယူတော်မင်္ဂလာမည်သော ပညာရှိအမတ်တစ်ဦး ပေါ်ပေါက်ခဲ့သည်။ ဘိုးတော်မင်းတရားကြီး၏  မေးခွန်းများကို အယူတော်မင်္ဂလာအရ  တိတိကျကျဖြေဆိုထားသော ကဝိသာရ မဉ္ဇူသာကျမ်းမှာ ထင်ရှားခဲ့သည်။

မင်းတုန်းမင်းကြီးသည်လည်း မန္တလေးမြို့တော်ကို တည်ဆောက်ရသည်မှာ အတိတ်၊ နိမိတ်၊ စနည်း၊ တဘောင်၊ သိုက်သမိုင်း၊ တိတ္ထုံအရ တည်ဆောက်ရကြောင်း အကြောင်းပြတော်မူသည်။ သီပေါမင်းပါတော်မူခါနီးတွင် အတိတ်ထူး၊ နိမိတ်ထူးများနှင့် တဘောင်သီချင်းများထွက်ပေါ်လာခဲ့ပြီး ကြယ်များကြွေခဲ့ကြောင်း၊ ၁၉၄၀-၄၁ ခုနှစ်များတွင်လည်း  ကောင်းကင်မှကြယ်များ ဆက်တိုက်ကြွေကျပြီး ၁၉၄၂ ခုနှစ်၌ ဒုတိယ ကမ္ဘာစစ်မီးသည် မြန်မာပြည်သို့ ကူးစက်လာခဲ့ကြောင်းကို ရှေးဘိုးဘွားများသည် သားစဉ် မြေးဆက်ပြောဆိုတတ်ကြသည်။ 

မိုးဂျာနယ်အတွဲ ၁၊ အမှတ် ၃ ပါ ဆရာကြီး သခင်အောင်ဖေ၏ “နှစ်သစ်အခါတော်မှာ မင်္ဂလာ ရှိပါစေ”ဆောင်းပါးတွင် “ကျွန်ုပ်တို့ လူလားမြောက်သည့်အရွယ်တွင် ကျွန်ုပ်တို့၏အိမ်ရှေ့၌ ဦးဖိုးအေး၊ ဒေါ်မယ်ချစ်တို့၏ အိမ်ထောင်စုနေထိုင်ကြ၏။ ၎င်းတို့တွင် သားနှစ်ယောက်နှင့် သမီးသုံးယောက် ရှိသည်။ ၁၂ နှစ်အရွယ်ရှိ ဒုတိယသမီး သန်းရင်သည် အသံကောင်း၏။ သူ့မောင်ငယ်လေးကို ပုခက်လွှဲ သိပ်သည့်အခါ ဇာတ်ထုပ်ထဲမှ မင်းသမီးငိုချင်းများ ကိုဆို၍သိပ်တတ်၏။ ကျွန်ုပ်၏မိခင်က “သန်းရင် ဆိုနေတာ အမင်္ဂလာတွေချည်းပဲ။ သူတို့တစ်တွေ ဒုက္ခရောက်ကြတော့မည်”ဟု မကြာခဏပြော၏။ မကြာပါချေ။ သန်းရင်၏အစ်မကြီး မသန်းတင်၏ ခင်ပွန်း ကိုတင် ပိုးထိပြီးကွယ်လွန်သည်။ သန်းရင် ၏ဖခင် ဦးဖိုးအေး ထန်းပင်ပိ၍ ပေါင်ဖြတ်လိုက်ရ၏။ သန်းရင်၏မောင် ဖျားပြီးသေ၏။ သန်းရင် ကိုယ်တိုင်ရူးသွားလေသည်”ဟူ၍  ရေးသားခဲ့လေသည်။

ထို့အတူ “ကျွန်ုပ်တို့ လူပျိုပေါက်ရောက်ချိန်တွင် ကျွန်ုပ်တို့ရွာသည် အိမ်ခြေရှစ်ဆယ်ခန့်ရှိပြီး ရွာပတ်ဝန်းကျင်သည် လယ်ကွင်းကြီးဖြစ်နေပါပြီ။ ထိုအချိန်၌ ရွာဦးဘုန်းကြီးကျောင်းခေါင်မိုးပေါ်၌ လင်းတကြီးသုံးကောင် နားနေသတတ်။

ဥပုသ်နေ့ဖြစ်၍ ဥပုသ်သည်များ မြင်ကြသောအခါ အံ့အားသင့်ကြကာ သို့သော၊ သို့လော ပြောဆိုကြ၏။ ဘုန်းတော်ကြီးသည် စာတတ်ပုဂ္ဂိုလ်ဖြစ်၍ ဒကာ၊ ဒကာမများအား “ငါ၊ ဒီကျောင်း၌ သုံးလ၊ ဒါမှ မဟုတ် သုံးနှစ်သာနေရတော့မည်”ဟု နိမိတ်ဖတ်လေသတည်း၊ မှန်လိုက်လေ။ ရွာဦးဘုန်းကြီးသည် ကျောင်းခေါင်မိုးပေါ် လင်းတသုံးကောင်နားပြီး နှစ်နှစ်ကျော်တွင်  လူထွက်သွားရပေသည်”ဟု ဆရာကြီးသခင်အောင်ဖေက နှစ်သစ်အခါတော်မှာ မင်္ဂလာရှိစေဖို့ သတိပေးရေးသားခဲ့ပါသည်။

ပုံရိပ်အချို့ကို ပြန်လည်မြင်ယောင်

ဆရာကြီး၏ အဆိုပါဆောင်းပါးကိုဖတ်ရှုရင်း လွန်ခဲ့သည့် သုံး၊ လေးနှစ်ခန့်က ရွှေတိဂုံစေတီတော်ပေါ်တွင် လင်းတငယ်တစ်ကောင် လာနားခဲ့ဖူးသည့်ဖြစ်ရပ်ကို သတိရမိသည်။ ထို့အတူ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နယ်မြို့တစ်မြို့၌ကျင်းပသော ဘာသာခြားတို့၏ ပွဲတော်တစ်ခုတွင် အခေါင်းများ ထမ်း၍ မြို့တွင်းလှည့်လည်ခဲ့သော ပုံရိပ်အချို့ကို ပြန်လည်မြင်ယောင်လာမိသည်။

တိုက်ဆိုင်သည်ပဲဆိုဆို၊ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်းသည် နိမိတ်ထွန်းသည်ဟုပင် ယုံကြည် ယူဆလျှင်ယူဆ မြန်မာပြည်သည် ထို့နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂန္တရကပ်ဘေးကြီးနှင့် ကြုံရလေတော့ သည်။ သို့ဖြစ်၍ မြန်မာလူမျိုးအပေါင်းသည် ရှေးထုံးလည်းမပယ်နှင့်၊ ဈေးသုံးလည်းမကြွယ်နှင့်ဟူသည့် ရှေးခါဘိုးဘွားတို့၏ လောကီအယူဝါဒများ၊ ဆိုဆုံးမစကားများကိုသတိပြုဆင်ခြင်၍ နှစ်သစ်ကို မင်္ဂလာအပေါင်းနှင့် ခညောင်းစေရန် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှစ၍ မင်္ဂလာရှိသောအပြုအမူ၊ အပြောအဆို၊ အတွေးအကြံတို့ဖြင့် မင်္ဂလာရှိစွာကြိုဆိုကြရပါမည်။

ထို့အတူ ထေရဝါဒဗုဒ္ဓဘာသာဝင်များပီပီ မြန်မာနှစ်ဆန်း ၁ ရက်နေ့ကို “ကမ္ဘာသူ ကမ္ဘာသားများ အနိဋ္ဌာရုံများပပျောက်ပြီး ဣဋ္ဌာရုံအပေါင်းနှင့် ပြည့်စုံကြရန်၊ ဘေးဥပဒ်အန္တရာယ်ကင်းဝေးကြစေရန်၊ မကောင်းသောစိတ်ဓာတ်များကို  ဖယ်ရှားပြီး ကောင်းသောစိတ်ဓာတ်များကို မွေးမြူကြစေရန်၊ အရှက်နှင့်အကြောက် လောကပါလတရား နှစ်ပါးထွန်းကားလာကြစေရန်၊ ဗြဟ္မဝိဟာရတရား လေးပါး ထွန်းကားပြန့်ပွားစေရန်” ရည်ရွယ်၍ မင်္ဂလာအခါ တော်နေ့အဖြစ် ကုသိုလ်တရားများကို ပွားများ အားထုတ်ကြရပါမည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်း အေးချမ်းသာယာ ဝပြောရေးအတွက် လူတိုင်းကိုယ်စီ မင်္ဂလာ တရားတော်နှင့်အညီ ကျင့်သုံးနေထိုင်ကြရပါမည်။ မြတ်စွာဘုရားရှင်  ဟောကြားတော်မူအပ်သော မင်္ဂလာတရား ၃၈ ပါးကို အသေအချာလေ့လာကြည့်ပါလျှင် ပေါင်းသင်းဆက်ဆံရေး၊ နေထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားရေး၊ သည်းခံရေး၊ ခြိုးခြံ ချွေတာရေး၊ စိတ်ထားခိုင်ခံ့ရေးစသည်ဖြင့် လောကလူသားများ အကျိုးများအောင် ထောင့်မျိုးစုံမှ ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။

မင်္ဂလာတရား ၃၈ ပါး

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (၃) ပါးမှာ လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း၊ ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ရခြင်းတို့ဖြစ်ကြသည်။
နေရေးထိုင်ရေး မင်္ဂလာ (၃) ပါးမှာ သင့်လျော်သော အရပ်၌နေရခြင်း၊ ရှေးကပြုဖူးသော ကောင်းမှုအထူး ရှိခြင်း၊ မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း တို့ဖြစ်ကြသည်။
သင်ကြားရေး မင်္ဂလာ (၄) ပါးမှာ လောကီ လောကုတ် အကြားအမြင်များခြင်း၊ စက်မှုလက်မှု အတတ်တို့ကို တတ်ရခြင်း၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားနားလည်စေခြင်း၊ အပြောအဆို ချိုသာယဉ်ကျေးခြင်းတို့ဖြစ်ကြသည်။

ပြုစုရေး မင်္ဂလာ (၃) ပါးမှာ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း၊ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း၊ အနှောင့်အယှက်ကင်းသောအလုပ်ကို လုပ်ကိုင်ခြင်းတို့ ဖြစ်ကြသည်။
လိုက်နာကျင့်သုံးရေး မင်္ဂလာ (၄) ပါးမှာ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊ သုစရိုက်တရားကိုကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း၊ အပြစ်ကင်းသောအမှုတို့ကို ပြုရခြင်းတို့ဖြစ်ကြသည်။

ရှောင်ကြဉ်ရေး မင်္ဂလာ (၄) ပါးမှာ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း၊ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ်ဖြင့်ရှောင်ခြင်း၊ မူးယစ်သေစာ မသောက်စားခြင်း၊ ကုသိုလ်တရားတို့၌ မမေ့မလျော့ ခြင်းတို့ဖြစ်ကြသည်။

စိတ်ထားရေးမင်္ဂလာ (၅) ပါးမှာ ရိုသေထိုက်သူကို ရိုသေရခြင်း၊ မိမိကိုယ်ကိုနှိမ့်ချရခြင်း၊  ရောင့်ရဲ လွယ်ခြင်း (လောဘအပိုအလိုမလိုက်ခြင်း)၊ သူတစ်ပါး ကျေးဇူးကိုသိခြင်း၊ သင့်လျော်သောအခါ တရားနာ ခြင်းတို့ဖြစ်ကြသည်။

သည်းခံရေး မင်္ဂလာ (၄) ပါးမှာ သည်းခံခြင်း၊ ဆုံးမလွယ်ရခြင်း၊ ရဟန်းသံဃာတို့အား ဖူးမြော်ရ ခြင်း၊ သင့်လျော်သောအခါ တရားဆွေးနွေးခြင်းတို့ ဖြစ်ကြသည်။
ခြိုးခြံရေး မင်္ဂလာ (၄) ပါးမှာ ခြိုးခြံချွေတာခြင်း၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၊ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းတို့ဖြစ်ကြသည်။

စိတ်ထားခိုင်ခံ့ရေး မင်္ဂလာ (၄) ပါးမှာ လောကဓံ တရားနှင့်တွေ့ကြုံလာသောအခါ စိတ်ဓာတ်မတုန် လှုပ်ခြင်း၊ မစိုးရိမ်ခြင်း၊ ကိလေသာမြူကင်းခြင်း၊ ဘေးကင်းခြင်းတို့ ဖြစ်ကြသည်။

မြတ်ဗုဒ္ဓ၏  မင်္ဂလာအကျိုးပြနိဂုံးတွင် ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မ ပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။ “ဤသုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုင်မခံရ၊ အရပ်ဒေသအားလုံးတို့၌  ကြီးပွား ချမ်းသာခြင်းသို့ရောက်နိုင်၏။ ၃၈ ဖြာ မင်္ဂလာ တရားသည် နတ်လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏”ဟူ၍ ညွှန်ပြခဲ့ပါသည်။ 

ထေရဝါဒဗုဒ္ဓဘာသာ  ထွန်းကားသော မြန်မာနိုင်ငံတွင် မြန်မာကလေးသူငယ်တိုင်းသည် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ကြသည်။
“လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။ 

ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။ 

သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။ 

ချမ်းသာကိုပေး ဆက်ဆံရေး၊ မြော်တွေး သုံးချက်ပေ။ 

အဲဒါမှ ... ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ” စသည်ဖြင့် ဆရာကြီး ဒဂုံဦးထွန်းမြင့် ရေးဖွဲ့ထားသော ၃၈ ဖြာမင်္ဂလာကဗျာများနှင့်လည်း ကျောင်းနေစဉ်ကပင် မြန်မာကလေးငယ်တိုင်း ပူဇော်ရွတ်ဆို သင်ကြားခဲ့ကြရဖူးသည်။  လက်တွေ့လိုက်နာ ကျင့်သုံးဖို့သာ လိုအပ်ပေသည်။

ရှေးမြန်မာဘိုးဘွား မိဘဆရာသမားတို့သည် လိမ္မာယဉ်ကျေးသော မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်ရန် မြတ်ဗုဒ္ဓ၏ ၃၈ ဖြာ မင်္ဂလာတရားတော်ကို ထိုသို့ သားစဉ်မြေးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းသင်ကြား ပို့ချခဲ့ပေသည်။ အနာဂတ်မျိုးဆက်အဆက်ဆက်ကို လက်ဆင့်ကမ်း မွေခံထိုက်စေပေးဝေနိုင်ရန်မှာမူ လက်ရှိမိဘဆရာသမားတို့၏ သမိုင်းပေးတာဝန် တစ်ရပ်သာ ဖြစ်ပေသည်။

မိမိတို့အိမ်ထောင်စု၊ မိမိတို့ရပ်ရွာ၊ မြို့နယ်၊ တိုင်းခရိုင်၊ နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာ ဝပြောရေး၊ မင်္ဂလာရှိစေရေးတို့အတွက်ဆိုလျှင် လူတိုင်းကိုယ်စီ ၃၈ ဖြာ မင်္ဂလာတရားတော်နှင့် အညီ ကျင့်ကြံအားထုတ်နိုင်မှဖြစ်ပေမည်။

သို့ဖြင့် ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်မှာ မင်္ဂလာ အပေါင်းနှင့် ခညောင်းစေဖို့ရာ နှစ်သစ်၏ အမွန် အစဖြစ်သော နှစ်ဆန်း ၁ ရက်နေ့မှစ၍ ကျွန်တော် တို့သည် လောကသစ္စံ၊ န သစ္စံ ဆိုစကားအတိုင်း ရှေးဘိုးဘွားတို့၏ ဆိုဆုံးမမှုနှင့်အညီ လောကီ အယူဝါဒအရလည်း မင်္ဂလာရှိသောအပြုအမူ၊ အပြောအဆိုများဖြင့်    ကျင့်ကြံနေထိုင်၍ လည်းကောင်း၊ ထေရဝါဒဗုဒ္ဓဘာသာဝင်များပီပီ မြတ်ဗုဒ္ဓ၏ ၃၈ ဖြာ မင်္ဂလာတရားတော်များကို လက်တွေ့ကျင့်ကြံကြိုးကုတ်  အားထုတ်၍လည်းကောင်း နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုကြပါကုန်စို့။  ။

ကျမ်းကိုး - မာဂဓီ(သာစည်)၏ အခါတော်နေ့များ။ ။