ကျောက်ဖြူ   ဧပြီ  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရှေ့ဟောင်းပေါ်တော်မှု ကံ့ကော်တောဘုရားတွင် ဧပြီ ၁၇ ရက် နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်းသိရသည်။

အဆိုပါ  ကံ့ကော်တောဘုရားသည်  ရှေးနှစ်ပေါင်းများစွာကပင် ထင်ရှားကျော်ကြားလျက်ရှိ ပြီး  ကံ့ကော်တောဘုရားဟု ခေါ်ဝေါ်ခဲ့ကြသည့် ရှေးဟောင်းပေါ်တော်မူ မြတ်စွာဘုရားနှစ်ဆူသည် ကျောက်ဖြူမြို့နှင့် ငါးမိုင်အကွာ ဂုံးချွိန်ရွာတောင်ဘက် ကံ့ကော်ပင်များရှိရာ အရပ်တွင်တည်ထား လျက်ရှိသည်။ ကံ့ကော်တောဘုရားပွဲတော်ကို နှစ်စဉ် သင်္ကြန်လွန် ထူးမြတ်သော နှစ်ဆန်း တစ်ရက်နေ့တွင် ဘုရားပွဲကျင်းပ၍ ရခိုင်ရိုးရာကျင်ပွဲကို ထည့်သွင်းကျင်းပပေးလျက်ရှိဖြစ်သည်။ သင်္ကြန်အတက်နေ့တွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များနှင့်အနီးအနားကျေးရွာများက ကံ့ကော်တောဘုရားသို့ အိုးစည်ဒိုးပတ်များဖြင့် လာရောက် ရေသပ္ပာယ်ကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် အနီးအနားရှိရွာပေါင်းများစွာမှ လှူဒါန်းဖွယ်ရာ ဆွမ်းအုပ်များကိုယ်စီရွက်၍ ဘုရားပရိဝုဏ်အား လှည့်လည်ဦးခိုက်ပူဇော်ကြသည်။ ဘုရားပွဲတော်ကာလတွင် ထူးခြားချက်မှာ ပိန်းပင်သည် ယားယံသောအပင်တစ်မျိုးဖြစ်သော်လည်း ပွဲတော်ရက်တွင် ကျွေးမွေးသော ပိန်းဟင်းသည် လုံးဝယားယံခြင်းမရှိ။ ပွဲတော်လာ ထောင်ပေါင်းများစွာ ပရိသတ်အား စတုဒိသာပိန်းဟင်း ကျွေးမွေးနိုင်ရန် ဘုရားဝင်းထဲ၌ အလေ့ကျပေါက်နေသော ပိန်းတောထဲက ပိန်းပင်များ မလုံလောက်၍ ပွဲတော်မကျင်းပမီ တစ်ပတ်ခန့်ကြိုတင်၍ အရပ်တကာ၌ ပေါက်နေသော ပိန်းပင်များကို သွားရောက်ရှာဖွေ ထားကြရပြီး ပိန်းပင်ရိုးများအား ပိုင်းဖြတ်ကာ ဒယ်အိုးကြီးများဖြင့် ချက်ပြုတ်ကြသည်။ ယားယံသော ပိန်းဟင်းကိုချက်၍ ကျွေးမွေးပါသော်လည်း စားသောက်ရာတွင် လုံးဝယားယံခြင်းမရှိသည်မှာ အလွန် ထူးဆန်းသည်။ ဘုရားဖူးလာရောက်ကြသည့် ပရိတ်သတ်များအား စေတနာရှင် အလှူရှင်များက ထမင်း၊ ဟင်းများ စတုဒိသာကျွေးမွေးလျက်ရှိသည်။

ဘုရားပွဲတော်သို့ ယခင်နှစ်များထက် မြို့ပေါ်ရပ်ကွက်များ၊ အနီးအနားရှိကျေးရွာများနှင့် အနယ်နယ် အရပ်ရပ်မှ ကား၊ ကိုယ်ပိုင်ယာဉ်၊ ဆိုင်ကယ်၊ အငှားယာဉ်များဖြင့် ဘုရားဖူးလာရောက်သူ များပြားပြီး ဘုရားရင်ပြင်ရှိ အရိပ်ရအပင်များ၊ ဇရပ်များတွင် မိသားစုစုဖွဲ့၍ ထမင်းစားခြင်း၊ အနားယူခြင်းနှင့် ကုသိုလ် ကောင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း၊ တင်ထွန်းဦး