ပဲခူး ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီ (၁၆) ရက်၊ ညနေပိုင်းက ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၅)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့ (၅)ဖွဲ့ ကို တိုင်းဒေသကြီး ဝန်ကြီးများနှင့်ဇနီးတို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုငွေ(၅)သိန်းကျပ်စီဖြင့် လည်းကောင်း၊ ပထမဆုရရှိသည့် နွေဦးရွှေရည် ယိမ်းအဖွဲ့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ဂုဏ်ပြုဆုငွေကျပ်သိန်း(၃၀)နှင့် ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆု ရရှိသည့် ပိတောက်ရွှေဝါ ယိမ်းအဖွဲ့ကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ဂုဏ်ပြုဆုငွေကျပ် သိန်း (၂၀)နှင့် ဆုဖလားကိုလည်းကောင်း၊ တတိယဆုရရှိသည့် နွေပန်း တောက်ယိမ်းအဖွဲ့ကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြု ဆုငွေကျပ် (၁၀) သိန်းနှင့် ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က မြန်မာ့နိုင်ငံဆိုင်းပညာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိန်မြအောင် (ပဲခူး)၊ သရုပ်ဆောင်/တေးသံရှင်များနှင့် ခေတ်ပေါ်တေးဂီတ အဖွဲ့တို့ကို အမှတ်တရ ပန်းခြင်းလက်ဆောင် ပေးအပ်သည်။
ထို့နောက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သည့် ယိမ်းအဖွဲ့များက ပြိုင်ပွဲဝင် ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြပြီး နိုင်ငံကျော် သရုပ်ဆောင်နှင့် တေးသံရှင်များက ခေတ်ပေါ် တေးဂီတများဖြင့် တင်ဆက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)