ကြို့ပင်ကောက်၊ ဧပြီ ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက်မှ ငှက်ပျော်တောကျေးရွာ၏ မြစိမ်းရောင်အတိုးရရှိငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း (၄၀၀)ဗို့အားလိုင်း (၂၀၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းမှာ ဧပြီ ၁၇ ရက်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ငှက်ပျော်တောကျေးရွာ၏ ကျေးရွာတွင်း (၄၀၀)ဗို့အားလိုင်း (၂၀၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဗညား၊ ဦးစီးအရာရှိ ဦးအေးလွင်နှင့် ဝန်ထမ်းများမှ မြေပြင်ကွင်းဆင်း၍ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခြင်း၊ နည်းပညာအကူအညီပေးခြင်းများနှင့် ကြို့ပင်ကောက်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၏ နည်းပညာပံ့ပိုးကူညီမှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၁ ခုနှစ် ဧပြီ ၂၅ ရက်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကြို့ပင်ကောက်မြို့နယ် ငှက်ပျော်တောကျေးရွာတွင်း (၄၀၀)ဗို့အားလိုင်း (၂၀၀၀)ပေ တည်ဆောက်ခြင်းကို မြစိမ်းရောင်စီမံကိန်း အတိုးရရှိငွေမှ သုံးစွဲငွေ ကျပ် ၈၁ သိန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၆၅ သိန်းကျော် စုစုပေါင်းကျပ် ၁၄၆ သိန်းကျော် အသုံးပြု၍ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့မှုကြောင့် ကျေးရွာရှိအိမ်ခြေ ၇၀ မှ မိသားစုဝင်များအားလုံး လျှပ်စစ်မီးကို ၂၄ နာရီသုံးစွဲနိုင်ပြီဖြစ်ကာ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း ဦးစီးမှူး ဦးဗညားမှ ပြောပြ၍ သိရှိရသည်။

 

ကိုညို(ကျေးလက်)