နေပြည်တော် ဧပြီ ၁၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး‌ တင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ဘုရင်ခံအိမ်တော် (Governor House) ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

အမျိုးသားကန်တော်ကြီးဥယျာဉ် ဆိုင်ရာများအား ရှင်းလင်းတင်ပြ

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီး ဥယျာဉ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်တို့က အမျိုးသားကန်တော်ကြီး ဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်းရှိ ရေကန်များ၌ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းကြောင့် ရေအရင်းအမြစ်များ အားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှုမရှိခြင်း၊ ဒေသတွင်း အပူချိန်နှုန်းထား မြင့်မားလာခြင်း၊ ရေဝင်ပေါက်များမှ ရေဝင်ရောက်မှု အားနည်းခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခန်းခြောက်မှုများ ကြုံတွေ့ခဲ့ရသည့် အခြေအနေ၊ ထိုသို့ကြုံတွေ့ခဲ့ရမှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် ခရီးစဉ်လမ်းညွှန်ချက်နှင့်အညီ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်သည့် ရေဝင်ပေါက်များ၊ စိမ့်စမ်းနေရာများ၊ မြေအောက် ရေနုတ်မြောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ရေလမ်းကြောင်း ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ ရေများပြန်လည်စီးဝင် လျက်ရှိသည့် အခြေအနေ၊ ဥယျာဉ်သန့်ရှင်း သာယာလှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

အဆင့်မီသည့် ဥယျာဉ်ကြီးတစ်ခုအဖြစ် ရှိနေစေရေး ရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရမည်

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ land mark ဖြစ်ကြောင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊ အမျိုးသားဥယျာဉ်ဖြစ်၍ ပန်းခြံသီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင်ခြင်း မဟုတ်ဘဲ ဥယျာဉ်သို့လာရောက် လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များသာယာလှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိမှသာလျှင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရေဝင်ရောက်ရန်နှင့် ရေကို ထိန်းသိမ်းနိုင်ရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်၍ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကန်တော်ကြီးဥယျာဉ်၏ ဧရိယာ ၄၃၆ ဧကကျော်တစ်ခုလုံးကို ထိန်းသိမ်း စောင့်ရှောက်ရန်လိုကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မိုးရွာသွန်းမှု အားနည်းသည်ကို တွေ့ရှိ ရပြီး ၂၀၂၁ ခုနှစ်တွင် မိုးရွာရက်များခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးရွာသွန်းမှုများပြားမည်ဟု ခန့်မှန်းချက်များအရ သိရှိရကြောင်း၊ ယခင်က ပြင်ဦးလွင်မြို့သည် သစ်ပင်သစ်တောများ အလွန်ပေါများပြီး ထင်းသုံးစွဲမှုများပြားခြင်း၊ မီးသွေးဖုတ်ခြင်းတို့ကြောင့် သစ်ပင်သစ်တောများ ပြုန်းတီးမှု များပြားလာကြောင်း၊ ထို့ကြောင့် ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြည်ရန်ရည်ရွယ်၍ အရိပ်ရကော်ဖီစိုက်ဧကများစွာကို ပြင်ဦးလွင်မြို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကော်ဖီခြံနှင့်တွဲလျက် အရိပ်ရသစ်ပင်များဖြင့် ပြန်လည်စိမ်းလန်းစိုပြည်ရေး ရည်ရွယ်ခဲ့သော်လည်း စနစ်တကျ စိုက်ပျိုးမှုမရှိခြင်းကြောင့် ရာနှုန်းပြည့် အောင်မြင်ခြင်းမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးခြံများကို အလုံပိတ်စနစ်ဖြင့် ကာရံခြင်းတို့ကြောင့် စိမ့်ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့်အတွက် ရေဝင်ရောက်မှု နည်းပါးလာခြင်းဖြစ် ကြောင်း။

 

 

ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ကန်တော်ကြီးဥယျာဉ်ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုတို့ကို ဟန်ပြအနေဖြင့်သာ ဆောင်ရွက်ခြင်း မဖြစ်စေလိုဘဲ စနစ်တကျဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အတွက် ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့် သန့်ရှင်းသာယာလှပမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီး လိုအပ်သည်များကို ဖြေလျှော့ပေးပြီးဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်ရာတွင် အဆင့်မီသည့် ဥယျာဉ်ကြီးတစ်ခုအဖြစ် ရှိနေစေရေး ဆောင်ရွက်ထားရန်လိုကြောင်း၊ နဂိုရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥယျာဉ်ကို လက်ရှိတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ သန့်ရှင်းသာယာလှပရေးအပိုင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး အစိုးရ တာဝန်ရှိသူများ နှင့်လည်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသား ကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရေဝေရေလဲ ဧရိယာနေရာများနှင့် ဥယျာဉ်အတွင်း ရေဝင်၊ ရေထွက်နှင့် လေဝင်၊ လေထွက် ကောင်းမွန်စေရေး အောက်ခြေရှင်းလင်းခြင်းများနှင့် အလင်းဖွင့်ခြင်းများ လုပ်ဆောင်ပေးရန်နှင့် လိုအပ်ပါက တတ်ကျွမ်းသည့် ပညာရှင်များဖြင့် တိုင်ပင် လုပ်ဆောင်ကြရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကန်တော်လေး ရေထိန်းတံခါး ပြုလုပ်ဆောင်ရွက်ထားရှိသည့် နေရာသို့ ရောက်ရှိစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များသို့ ယခင်နှစ်ပိုင်းက ရေဝင်ရောက်မှု နည်းပါးနေသည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးစဉ်များတွင် ကန်တော်ကြီး ရေကန်များ၏ ရေဝေရေလဲ ကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှု များပြားစေရေးအတွက် ဥယျာဉ်အတွင်းနှင့် ရေဝေ ရေလဲ ဧရိယာအတွင်းရှိ ညောင်နီရေထွက် အပါအဝင် သဘာဝရေထွက်များကို လိုက်လံကြည့်ရှု လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများက ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ် စစ်ဆေးစဉ် ရေလှောင်ကန်အတွင်း ကန်ရေအနက်ပေ ၁၆ ပေသာ ရှိခဲ့ရာမှ ယခုအခါတွင် ပေ ၂၀ သို့ ရောက်ရှိလာပြီဖြစ် ကြောင်းနှင့် ဧပြီ ၁၇ ရက်နေ့ တိုင်းတာချက်များအရ ကန်အမှတ် ၁ တွင် ရေပြည့်အမှတ် ၆ ပေရှိသည့် အနက် လက်ရှိရေအမှတ် ၆ ဒသမ ၅ ပေ၊ ကန် အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေရှိသည့် အနက် လက်ရှိရေအမှတ် ၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့် အမှတ် ၁၁ ပေ ရှိသည့် အနက် လက်ရှိရေအမှတ် ၇ ဒသမ ၄ ပေ၊ ကန်အမှတ် ၄ တွင် ရေပြည့်အမှတ် ၃၂ ပေရှိသည့်အနက် လက်ရှိရေအမှတ် ပေ ၂၀ ရှိ ကြောင်း သိရှိရပြီး ရေအရင်းအမြစ် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင်ခံအိမ်တော် (Governor House) သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဘုရင်ခံအိမ်တော် (Governor House) ပတ်ဝန်းကျင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး စနစ်တကျရှိရန်နှင့် မျက်စိပသာဒဖြစ်ရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်