နေပြည်တော် ဧပြီ ၁၈
ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါ အစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ် တို့အပါအဝင် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ လေ့ကျင့် ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
စစ်သည်များအနေဖြင့် မိမိလုပ်ဆောင်နေသည့် အလုပ်များကို ပိုမိုကောင်းမွန်အောင် ကြံဆလုပ်ဆောင်နေခြင်းသည် လေ့ကျင့်ရေးနှင့် မိမိကိုယ်ကိုမိမိ အဆင့်မြှင့်တင်နေခြင်းဖြစ်သည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် လေ့ကျင့်ရေးနှင့်ပတ်သက်၍ မှာကြားနိုင်ရေး ယခုကဲ့သို့ စုစုစည်းစည်းဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တပ်မတော်တိုင်းတွင် စွမ်းရည်ထက်မြက်ရေးအတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်ပြီး စွမ်းရည်စွမ်းအားရှိသည့် အရည် အချင်းရှိသည့် တပ်မတော်ကို လေ့ကျင့်ရေးဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် အခြေခံလေ့ကျင့်ရေးနှင့် တန်းမြင့်လေ့ကျင့်ရေးတို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ စစ်သားကောင်းတစ်ယောက် ဖြစ်စေရေးအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းရန်၊ ကျန်းမာကြံ့ခိုင်မှု ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ “ချွေးထွက်များမှ သွေးထွက်နည်းမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ သင်တန်းကျောင်းများတွင် လေ့ကျင့်ပေးသည်များ ရှိသကဲ့သို့ တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်နေရသည့် တာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်လိုက်နာခြင်းသည်လည်း လေ့ကျင့်ရေးဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လေ့ကျင့်ရေး ဆောင်ပုဒ်အတိုင်း သင်ကြားပေးထားသည့်အတိုင်း လိုက်နာနေထိုင်ခြင်းသည် တစ်ဦးချင်းနှင့်တစ်ဖွဲ့၏ အရည်အချင်းကို ထိန်းသိမ်းမြှင့်တင်နေခြင်းဖြစ်သည်ဟု ခံယူရမည်ဖြစ်ကြောင်း၊ စစ်သားတစ်ဦး၏ အလုပ်သည် သင်ကြားပေးထားသည့် အတိုင်း လုပ်ဆောင်ခြင်းပင်ဖြစ်ပြီး မိမိအရည်အချင်းကို မြှင့်တင်ရန်၊ မိမိအရည်အသွေးကိုမြှင့်တင်ရန် မိမိကိုယ်တိုင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးမှစ၍ ဝတ်စားဆင်ယင်မှု ပုံစံကျအောင် နေထိုင်ခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးနှင့် ပတ်သက်လာပါက စနစ်တကျ သင်ကြားလေ့ကျင့် ပေးနိုင်ရမည်ဖြစ်ပြီး နေ့စဉ် မိမိကိုယ်ကို စနစ်တကျ နေထိုင်တတ်မှုနှင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ဘဝတစ်လျှောက်လုံး အသားကျဖြစ်အောင် လေ့ကျင့်ပေးရမည်ဖြစ် ကြောင်း။
စနစ်တကျရေးဆွဲထားရှိသည့် သင်ရိုးညွှန်းတမ်းနှင့် လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံရမည်
စစ်သည်တိုင်းကို စစ်အခြေခံလေ့ကျင့်ရေးမှသည် တာဝန်ထမ်းဆောင်သည့် နေရာဌာနအပေါ် မူတည်၍ တစ်ဆင့်မြင့် လေ့ကျင့်ရေးများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထိုသို့သင်ကြားပေးရာတွင်လည်း သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းသည် အဓိကကျပြီး သင်ရိုးညွှန်းတမ်းရေးဆွဲရာ၌ နိုင်ငံတော်၏ ကာကွယ်ရေးမူဝါဒနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ မိမိတပ်များ၏ စွမ်းရည်ကို မြှင့်တင်နိုင်မှု ရှိ၊ မရှိ သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပိုမိုပြည့်စုံ ကောင်းမွန်စေရေး နိုင်ငံတကာမှ သင်ရိုးညွှန်းတမ်းများကို လေ့လာ၍သော်လည်းကောင်း၊ ခေတ်အလိုက် သင်ကြားရာမှ လိုအပ်ချက်များကို ထပ်မံ ဖြည့်စွက်၍သော်လည်းကောင်း ရေးဆွဲရမည်ဖြစ်ပြီး ကောင်းမွန်သည့် လေ့ကျင့်ရေးမှ ကောင်းမွန်ပြီး အရည်အသွေးရှိသည့် စစ်သည်များကို မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် တတ်ကျွမ်းသည့် စစ်သည်များကို မွေးထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြု ပစ္စည်းများ ပြည့်စုံစွာရှိရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ထားမှသာလျှင် လေ့ကျင့်သား ပြည့်ဝမည်ဖြစ်ပြီး တစ်ဦးချင်း ကိုင်တွယ်ရမည့် လက်နက်နှင့် လက်ရုံးတပ်ဖွဲ့များအလိုက် ကိုင်တွယ်ရသည့် ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်မည်ဖြစ်ကြောင်း။
သင်ကြား၊ သင်ယူခဲ့ရသည့် ပညာရပ်များကိုအသုံးချ၍ လက်တွေ့နယ်ပယ်တွင် ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေး အရည်အသွေးပြည့်ဝသည့် နည်းပြများဖြင့် သင်ကြားပေးရမည်
ထို့ပြင် နည်းပြများသည်လည်း အရည်အသွေး ပြည့်ဝရန်လိုပြီး အရည်အချင်းရှိသည့် နည်းပြများဖြစ်ရန်လိုကြောင်း၊ နည်းပြများအနေဖြင့် ကိုယ်တိုင် ဖတ်ရှုလေ့လာမှတ်သား၍ တစ်ဦးချင်းအရည်အသွေးရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ပြီး သင်တန်းသားများ နားလည်သဘောပေါက်အောင် သင်ကြားပြသပေးနိုင်သည့် အရည်အချင်းများ ရှိရမည်ဖြစ် ကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသားများ၏ အထင်ကြီးလေးစားမှုခံရသည့် နည်းပြများဖြစ်စေရေး မိမိတို့တစ်ဦးချင်း၏ အရည်အသွေးကို မြှင့်တင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ သင်တန်းသား အချိုးနှင့် နည်းပြအချိုးကို အမြဲလေ့လာဆန်းစစ်နေရမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ်များကို စနစ်တကျသင်ကြားလေ့ကျင့်ပေးလိုက်မှ သာလျှင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာ အသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်း Check လုပ်ရမည်ဖြစ်ပြီး စည်းကမ်းရှိအောင် သင်ကြားလေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ လေ့ကျင့်သားမပြည့်ဝခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေနိုင် သည့်အတွက် စနစ်တကျ လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။
တစ်ဦးချင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကို စစ်သားကောင်း ပီသအောင် လေ့ကျင့်တည်ဆောက်ပေးရမည်
ထိုသို့ လေ့ကျင့်ဆောင်ရွက်ပေးရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ပေးရန်လိုကြောင်း၊ အာဟာရပြည့်မီအောင် တွက်ချက်၍ ပြည့်ပြည့်ဝဝ ကျွေးရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက် ပေးမှသာလျှင် စစ်သည် တစ်ဦးချင်း ကိုယ်ခန္ဓာ ကြံ့ခိုင်ဖွံ့ဖြိုးလာမည်ဖြစ်ကာ စစ်သားကောင်း တစ်ယောက်ပီသသည့် ရုပ်ပိုင်းဆိုင်ရာကို တည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်မှသာလျှင် စိတ်ဓာတ်ပိုင်းလည်း ကောင်းမွန်လာ မည်ဖြစ်ကြောင်း၊ သင်တန်းသားများ၏ စိတ်ပိုင်းဆိုင်ရာကိုလည်း အားပေးမြှင့်တင်၍ လေ့ကျင့် ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ သင်တန်းသား တစ်ဦးချင်းစီ၏ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို နည်းပြများအနေဖြင့် သိရှိနေရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်ဖြင့် လေ့ကျင့်ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ အဆင့်နှင့်လျော်ညီသည့် အတွေးအခေါ်ပိုင်းကို တိုးတက်ဖွံ့ဖြိုးအောင် သင်ကြားလေ့ကျင့်ပေးနိုင် ရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးမှသည် အရည်အသွေး ပြည့်ဝကောင်းမွန်သည့် အရာရှိ၊ စစ်သည် များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းများအလိုက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများကို စနစ်တကျ နှင့် ဖိဖိစီးစီး ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်၊ လေ့ကျင့်ရေး သင်တန်းကျောင်းများအလိုက် လေ့ကျင့်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများနှင့် အထွေထွေလိုအပ်ချက်များ တင်ပြ
ထို့နောက် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်းတို့ အပါအဝင် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ လေ့ကျင့်ရေး သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက သက်ဆိုင်ရာ တက္ကသိုလ်၊ လေ့ကျင့်ရေးကျောင်းများအလိုက် သမိုင်းအကျဉ်း၊ လေ့ကျင့်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေ၊ တပ်မတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ၊ သင်တန်းသားများ၏ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်မှု၊ လေ့ကျင့် သင်ကြားနိုင်မှုတို့ကို ဆန်းစစ်သုံးသပ်ချက်များနှင့် တွေ့ရှိချက်များ၊ အထွေထွေလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က တပ်မတော်တွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နည်းပြများ၏ အရည်အချင်းမြှင့်တင်နိုင်ရေး နည်းပြမွမ်းမံ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ သင်တန်းသားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တက္ကသိုလ်များ၊ သင်တန်းကျောင်းများအလိုက် အထွေထွေ လိုအပ်ချက်များကို မေးမြန်းကာလိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပြင်ဦးလွင်သည် တပ်မတော်၏ လေ့ကျင့်ရေး ဘူမိနက်သန်မြေဖြစ်သည့်အတွက် စံနမူနာပြ ဖြစ်ရမည်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် စစ်အတတ်ပညာသည် မိမိကိုယ်ကို ကာကွယ်နိုင်ရန်ဖြစ်ပြီး လုပ်ငန်းပိုင်းနှင့်သက်ဆိုင်သည့် အတတ်ပညာသည် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ ကောင်းမွန်စေရန်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပတ်သက်၍ မွမ်းမံသင်တန်းများကို သင့်တော်သည့် ကာလအပိုင်း အခြားများအလိုက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် သင်တန်းသားအချင်းချင်း အတွေ့အကြုံများ ဖလှယ်နိုင်မည်ဖြစ်ပြီး တပ်ဖွဲ့၏ အရည်အသွေးပိုင်းကိုလည်း ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရုံးတပ်ဖွဲ့အလိုက် အမျိုးသမီး အရာရှိ၊ စစ်သည်များ တာဝန်ထမ်းဆောင်လျက်ရှိပြီး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်တို့ဖြင့် လက်တွဲခေါ်ဆောင် သင်ကြားပေးရန် လိုကြောင်း၊ တစ်ဦးချင်းအပြန်အလှန် လေးစားစွာဖြင့် စောင့်ရှောက်ရန်လိုပြီး အမျိုးသမီးစစ်သည်များ ၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန် လိုကြောင်း။
လေ့ကျင့်ရေးသည် တပ်မတော်၏ စွမ်းရည်မြှင့်တင်ရေးတွင် အဓိကကျပြီး စွမ်းရည်ကိုမြှင့်တင်ပေးနေခြင်းပင် ဖြစ်ကြောင်း၊ သင်တန်းကျောင်း အချင်းချင်းအပြန်အလှန်လေးစားစွာဖြင့် ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ကြရန် လိုကြောင်း၊ တစ်နိုင်ငံလုံးမှ လာရောက်သင်ယူနေကြသည့် သင်တန်းသားများကို လေ့ကျင့်ပေးနေရသူများ ဖြစ်သည့်အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်အောင် စံနမူနာပြ နေထိုင်လေ့ကျင့်ပေး ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဥပဒေဒီပလိုမာ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြင်ဦးလွင်တပ်နယ် အတွင်းရှိ တပ်မတော်အုပ်ချုပ်မှု ကျောင်းအတွင်း ဥပဒေဒီပလိုမာ သင်တန်းသား အရာရှိများအား တွေ့ဆုံ၍ တပ်မတော်သားများအနေဖြင့် ဥပဒေကိုသိရှိနားလည် လိုက်နာရန်လိုအပ်သည့်အတွက် ဥပဒေသင်တန်းများကို ပို့ချပေးနေခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေသည် စည်းကမ်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စည်းကမ်းသည် ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေ၏ အနှစ်သာရ နှင့် အခြေခံကိုသိရှိမှသာလျှင် ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သင်ကြားပေးသည့် ဥပဒေပိုင်းဆိုင်ရာ ပညာရပ်များကို အမှန်တကယ် သိရှိတတ်မြောက်အောင် သင်ယူကြစေလိုကြောင်း၊ နိုင်ငံတကာတွင်လည်း မည်သည့်ကိစ္စမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြသည်ဖြစ်သည့်အတွက် ဥပဒေပညာရပ်သည် မဖြစ်မနေသိသင့် သိထိုက်သည့် ပညာရပ် တစ်ခုပင်ဖြစ်ကြောင်း။
ဥပဒေပညာရပ်သည် မိမိတို့၏အုပ်ချုပ်ရေး စွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်စေမည်ဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များသို့ ပြန်လည်ရောက်ရှိပြီး တစ်ဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်မည်ဆိုပါက အထောက်အကူများစွာ ဖြစ်ပေါ်စေနိုင်မည် ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားပေးသည်များကို ကြိုးစားသင်ယူခြင်းသာမက ဥပဒေ ၏ အနှစ်သာရကိုလည်း ဖတ်မှတ်လေ့လာရန် လိုကြောင်း၊ သင်တန်းပြီးစီးပါကလည်း မိမိတို့၏ ရဲဘော်ရဲဘက်များ၊ စစ်သည်များကို ဥပဒေနှင့် ပတ်သက်သည့် အသိပညာများကို မျှဝေပေးရန် လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်း အထောက်အကူပြုဆိုင်ရာ ဥပဒေစာအုပ်စာတမ်းများ၊ စာကြည့်တိုက်များ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


