ထူးလင်းမိုး

 

ရုံးပတီသီးသည် ဗီတာမင်နှင့် အမျှင်ဓာတ်များပေါများကြွယ်ဝသည့် သဘာဝအရင်းအမြစ် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သော်လည်း သူ့ကိုပိုင်းဖြတ်လိုက်သည့်အခါတွင် ချွဲပျစ်ပျစ်အရည်များ တစိမ့်စိမ့် ထွက်လာသောကြောင့် ကျွန်တော်တို့ အတော်များများ သူ့ကိုစားဖို့ မဝံ့မရဲဖြစ်နေကြပါသည်။

 

မိုက်ကရိုပလတ်စတစ်များကို ဖယ်ရှားနိုင်

 

သို့သော်လည်း အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ရုံးပတီသီး၏ ချွဲပျစ်ပျစ်အရည်များသည် ရေထဲက မိုက်ခရိုပလတ်စတစ်တွေကို စစ်ထုတ်ပေးသည့် အစွမ်းထက် အသုံးဝင်ပစ္စည်းတစ်ခုအဖြစ် ပြောကြားထားပါသည်။ မိုက်ခရိုပလတ်စတစ်များသည် အချင်းအားဖြင့် ဝ ဒသမ ၂ လက်မထက်သေးပြီး (ငါးမီလီမီတာ) တောင်မရှိသည့် အလွန် သေးငယ်သော ပလတ်စတစ်များဖြစ်သည်။

 

ရုံးပတီသီး၏ အကျိအချွဲများနှင့် “Flocculants” ဟုခေါ်သည့် ဓာတုပစ္စည်းများပါဝင်သော ရှားစောင်းလက်ပပ်နှင့် ရှားစောင်းမျိုးနွယ် တခြားအပင်တွေက ရရှိသည့်အကျိအချွဲများသည် မိုက်ခရို ပလတ်စတစ်များကို ဖယ်ရှားနိုင်သည်။ ရေထဲကမိုက်ခရိုပလတ်စတစ်များကို ဖယ်ရှားရန် အဆိုပါနည်းလမ်းက ကူညီပေးနိုင်သည်။

 

သန့်စင်သော သောက်သုံးရေကိုရရှိမည်

 

သိပ္ပံပညာရှင်များသည် ရေထဲက မိုက်ခရိုပလတ်စတစ်တွေကို အမြောက်အမြား ဖယ်ရှားနိုင်ဖို့ အသစ်တွေ့ရှိထားသည့် အပင်အခြေခံ ရေစစ်ထုတ်သည့် နည်းလမ်းကို စီးပွားဖြစ်လုပ်ကိုင်ချင်နေကြသည်။

ထိုသို့လုပ်နိုင်မည်ဆိုပါက လူတိုင်းအတွက် ဘေးအန္တရာယ်ကင်းပြီး သန့်စင်သည့် သောက်သုံးရေကို ရရှိမည်ဖြစ်သည်။

 

“မိုက်ခရိုပလတ်စတစ်တွေဟာ သူတို့ကိုယ်တိုင်တော့ ကျန်းမာရေးပြဿနာ သိပ်မဟုတ်ပေမယ့် အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့သွား တဲ့အခါမှာတော့ အဲဒီပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခပေးတော့တာပဲ” ဟု အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် စတီဖန်ဗယ်လီရှိ တာလီတန်ပြည်နယ် တက္ကသိုလ်၏ သုတေသီတစ်ဦးဖြစ်သူ ရာဂျာနီ ဆရီနီဗာဆန်က ပြောသည်။

 

မိုက်ခရိုပလတ်စတစ် ထောင်ပေါင်း များစွာကို နှစ်စဉ်စားသုံးမိနေ

 

လူတွေဟာ မရည်ရွယ်ဘဲ မိုက်ခရိုပလတ်စတစ် ထောင်ပေါင်းများစွာကို နှစ်စဉ်စားသုံးမိနေသည်ဟု လေ့လာမှုက ဖော်ပြထားသည်။ မိုက်ခရိုပလတ်စတစ်များ၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်မှုကို လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 

မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုများကို လူ့အင်္ဂါများတွင် တွေ့မြင်နိုင်သည်။ အဆိုပါသေးငယ်သော ပစ္စည်းများက မြုံခြင်းနှင့် ကင်ဆာများကို တိုးပွားစေနိုင်သည့် အန္တရာယ်ဖြစ်ပေါ်လာနိုင်မှုအပေါ် သိပ္ပံပညာရှင်များက စိုးရိမ်လျက် ရှိကြောင်း လေ့လာမှုက ဖော်ပြထားသည်။

 

လူသားတို့၏ တစ်သျှူးထဲသို့ ဝင်ရောက်နိုင်

 

အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များက အဆိုပါ သေးငယ်သော ပလတ်စတစ်ပစ္စည်းများက လူသားတို့၏ တစ်သျှူးထဲသို့ ဝင်ရောက်နိုင်ကြောင်း ပထမဆုံး သက်သေပြခဲ့ကြသည်။

 

ယခင်လေ့လာတွေ့ရှိမှုများက အဆိုပါပစ္စည်းများကို လူသားများနှင့် သတ္တဝါများက ရေများများ သောက်ခြင်းဖြင့် မျိုချမိကြပြီး အစာအိမ်အူလမ်းကြောင်းမှတစ်ဆင့် ပြန်ထွက်သွားကြောင်း ဖော်ပြ ထားသည်။

 

အကျိုးရလဒ်ကို ရှင်းရှင်းလင်းလင်းမသိရသေး

 

နောက်ဆုံးလေ့လာတွေ့ရှိချက်အရ အဆိုပါပစ္စည်းများသည် လူသားများ၏ ကိုယ်တွင်းအင်္ဂါများဖြစ်သည့် ကျောက် ကပ်၊ အသည်းနှင့် အဆုတ်တို့တွင် အနည်ထိုင်နိုင်ကြောင်း ပထမဆုံးဖော်ပြထားသည်။ လူသားတို့၏ ကိုယ်ခန္ဓာအတွင်း အဆိုပါပစ္စည်းများ စုပုံများပြားလာသဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးရလဒ်ကိုမူ တိတိကျကျ မသိနိုင်သေးပေ။

 

မိုက်ခရို ပလတ်စတစ်များသည် လူလုပ်အဝတ်အထည်များ၊ ပလတ်စတစ်အိတ်များထုပ်ပိုးခြင်း၊ ပလတ်စတစ်အိတ်များ ထုတ်လုပ်ခြင်း၊ ဆေးသုတ်ခြင်း၊ ပလတ်စတစ်များ ဓာတုပြိုကွဲမှုဖြစ်ပွားခြင်း၊ ကားတာယာအပိုင်းအစများ စသည်တို့အပါအဝင် ဘက်ပေါင်းစုံမှ လူ့ပတ်ဝန်းကျင်သို့ ရောက်ရှိလာနိုင် သည်။ မိုက်ခရိုပလတ်စတစ်များသည် အချင်းအားဖြင့် ငါးမီလီမီတာထက် သေးငယ်သည်။ နာနိုပလတ်စတစ်များ သည် သူ့ထက် အဆထောင်ပေါင်းများစွာ သေးငယ်သည်။

 

နာနိုပလတ်စတစ်များကို လေများက သယ်ဆောင်နိုင်

 

နာနိုပလတ်စတစ်များသည် အလွန်သေးငယ်ပြီး ပေါ့ပါးသောကြောင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လေများက ၎င်းတို့ကို သယ်ဆောင်နိုင်သည်။ အဆိုပါ နာနိုပလတ်စတစ်များကို ရေဘူးနှင့် ဘုံဘိုင်ခေါင်းရေ၊ ဘီယာ၊ ဆား၊ သကြား နှင့် ပင်လယ်စာများအပါအဝင် အစား အစာပေါင်းမြောက်မြားစွာနှင့် သောက်စရာများတွင် တွေ့နိုင်သည်။

 

ထုတ်လုပ်လိုက်သော ပလတ်စတစ် တန်ချိန်ကိုးသန်းအနက် ကိုးရာခိုင်နှုန်းသာ ပြန်လည်အသုံးပြုနိုင်ပြီး ကျန်ရှိ နေသော ပလတ်စတစ်များသည် ကျွန်ုပ် တို့၏ပတ်ဝန်းကျင်၊ ပင်လယ်များတွင် အဆုံးသတ်ခြင်း သို့မဟုတ် မြေမြုပ်ခြင်း သို့မဟုတ် မီးလောင်ခြင်းဖြင့် အဆုံးသတ် ကုန်ကြသည်။

 

လူ့ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်းများတွင် တိုး၍တွေ့လာ

 

မိုက်ခရို ပလတ်စတစ်များကို ဦးနှောက်၊ သားအိမ်နှင့် အဆုတ်ကဲ့သို့ သော လူ့ခန္ဓာကိုယ်၏ အဓိကအစိတ် အပိုင်းများတွင် တိုး၍တိုး၍ တွေ့လာသည်။ သိပ္ပံပညာသည် ကနဦးအဆင့်၌ ရှိနေသေးချိန်တွင် မိုက်ခရိုပလတ်စတစ် များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာမည်ကို သိပ္ပံ ပညာရှင်များက သံသယမကင်းဖြစ်လျက် ရှိသည်။

 

အဆိုပါပစ္စည်းများကို အူနှင့် သွေး များထဲတွင်လည်း တွေ့နိုင်သည်။ လူ့ခန္ဓာကိုယ်ထဲတွင် အဆိုပါပစ္စည်းများ ရှိနေခြင်းက ရောင်ရမ်းမှုများကို ပိုမိုဆိုးရွားစေနိုင်မလား ဆိုသည့်အပေါ် တချို့သုတေသီများက သံသယဖြစ်လျက် ရှိသည်။

 

ပလတ်စတစ်ပစ္စည်းများသည် ဓာတု ပစ္စည်းများနှင့် ညစ်ညမ်းပစ္စည်းများ၏ လက်ခံသယ်ဆောင်သူများ ဖြစ်နိုင်သည်။ ယင်းပစ္စည်းများသည် မျိုးအောင်ခြင်းကို နှောင့်ယှက်ဟန့်တားခြင်း၊ ကလေးများတွင် အာရုံကြောဖွံ့ဖြိုးမှုကို နှောင့်နှေးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကစဉ့်ကလျားဖြစ်စေခြင်း၊ ဟော်မုန်းနှင့် ဆက်စပ်သော ကင်ဆာများနှင့်နှီးနွှယ် လျက်ရှိသော ဓာတုဖြစ်စဉ်များကို ကမောက်ကမဖြစ်စေသည်။

 

ကိုးကား - မေးလ်အွန်လိုင်း