သိန်းညွန့် (PZL)

 

ကမ္ဘာ့ ရှားပါးဆောင်းခိုငှက်များနှင့် ရှားပါးပင်လယ်လိပ်မျိုးစိတ်များ ကျင်လည်ကျက်စားရာ ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်နေရာဒေသတစ်ခု မြန်မာနိုင်ငံအတွင်း တည်ရှိနေပါသည်။ ယင်းနေရာသည်ကား အခြားမဟုတ် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း တည်ရှိပြီး ကုန်းမြေဧရိယာ ၃၁၅၀ ဒသမ ၅၈ ဧကနှင့် ရေပြင်ဧရိယာ ၁၉၈၄၈ ဒသမ ၄၂ ဧက ရှိကာ စုစုပေါင်း ဧရိယာ ၂၂၉၉၉ ဧက ကျယ်ဝန်းသည့် နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်ပင် ဖြစ်သည်။ 

 

အဏ္ဏဝါအမျိုးသားဥယျာဉ်

 

နံ့သာကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်၌ ငါး၊ ပုစွန်၊ ခရု၊ ကဏန်း စသည်တို့ ပေါကြွယ်ဝသော ရွှံ့နွံတော/ လတာပြင်များရှိသည့်အတွက် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက် အကောင်ရေ ၂၃ ကောင်မှ ၃၆ ကောင်ခန့်အထိ နှစ်စဉ်လာရောက် ကျက်စားလျက်ရှိကြောင်း၊ ထို့အတူ အခြားရှားပါး မျိုးစိတ်များဖြစ်သော နော့၊ နှုတ်သီးရှည်မြီးမဲ၊ နှုတ်တိုရှည်ငှက်၊ ခြေစိမ်းပြောက်နှင့် တောငန်းခေါင်းကြား စသည့် ရွှေ့ပြောင်းငှက်များလည်း လာရောက်ဆောင်းခိုသည့် နေရာဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့ရှားပါးပင်လယ် လိပ်မျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊  လိပ်စောင်းလျားနှင့် လိပ်လှောင်းတို့ ဥဥကျက်စားသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

 

ဆောင်းခိုငှက်များ နှစ်စဉ်လာရောက်

 

နံ့သာကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ် ဧရိယာ အတွင်းသို့ ဆောင်းခိုငှက်များ နှစ်စဉ်လာရောက် လေ့ရှိကြရာ ယခုနှစ်တွင်ယခင်နှစ်များထက် ငှက် အကောင်ရေလာရောက်မှု ပိုမိုများပြားကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်း (Rakhine Biodiversity And Nature Conservation Association-RBANCA) မှ သိရသည်။

 

“ဒီနံ့သာကျွန်းမှာ ဆောင်းခိုငှက်အကောင်ရေက မနှစ်ကထက် ဒီနှစ်မှာ ပိုမိုကျရောက်ကျက်စားတယ်။ ပြီးခဲ့တဲ့နှစ်က အကောင်ရေ  တစ်သိန်းသုံးသောင်းလောက် တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ အကောင်ရေ နှစ်သိန်းခန့်အထိ မြင့်တက်လာပြီးတော့ အခုအချိန်မှာ တည်ငြိမ်နေတဲ့ အနေအထားရှိတယ်။ ငှက်မျိုးစိတ်အနေနဲ့ကတော့ မနှစ်ကဆို မျိုးစိတ် ၅၀ အထိ မှတ်တမ်းတင်နိုင်ခဲ့ပါ တယ်။ ဒီနှစ်မှာလည်း မနှစ်ကမျိုးစိတ်အရေအတွက် အတိုင်းပဲ တွေ့ရှိထားပါတယ်။ ပြန်ပြီးကျဆင်း သွားတဲ့အနေအထား မတွေ့ရပါဘူး”ဟု ရခိုင်ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးရန်နောင်စိုးက ပြောကြားသည်။

 

 

mdn

 

နံ့သာကျွန်းနှင့် မေယုမြစ်ဝ ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေသည် ရွှံ့နွံလတာပြင်များဖြင့် ထူးခြားကောင်းမွန်သည့် သဘာဝရေဝပ် ဒေသအမျိုးအစားဖြစ်ခြင်း၊ မျိုးသုဉ်းလု နီးပါး အန္တရာယ်ကျရောက်လျက်ရှိသော ရေညှောင့်နှုတ်ဝိုင်းငှက် နှစ်စဉ်အကောင်ရေ ၂၃ ကောင်မှ ၃၆ ကောင်ခန့် လာရောက်ကျက်စား လျက်ရှိပြီး အခြားရှားပါးမျိုးစိတ်များဖြစ်သော နော့၊ နှုတ်သီးရှည်မြီးမဲ၊  နှုတ်တိုရှည်ငှက်၊ ခြေစိမ်းပြောက်နှင့် တောငန်းခေါင်းကြား စသည့် ရွှေ့ပြောင်းငှက်များလည်း  လာရောက်ဆောင်းခို သည့် နေရာဖြစ်သည့်အပြင် ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ် စောင်းလျားနှင့် လိပ်လှောင်းတို့ ဥဥကျက်စားသည့် နေရာဖြစ်ခြင်း၊ ယင်းသို့ ဆောင်းခိုငှက်များ ရွှေ့ပြောင်းကျက်စားခြင်းနှင့်  ပင်လယ်လိပ်များ တက်ရောက် ဥ ဥခြင်းတို့ကြောင့်  မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၏ ဇီဝစက်ဝန်းအရ အရေးပါသည့်နေရာဖြစ်ခြင်း၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ ခြေစိမ်းပြောက်နှင့် တောငန်းခေါင်းကြားစသည့် ရှားပါးငှက်များ (ကမ္ဘာ့စုစုပေါင်းကောင်ရေ၏ တစ်ရာခိုင်နှုန်းကျော်) လာရောက်ကျက်စားသည့်  နေရာဖြစ်ခြင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေရောက်သစ်တောများသည် ငါး၊ ပုစွန်၊ ကဏန်းတို့ သားပေါက်ရှင်သန် ကျက်စားရာနေရာဖြစ်ခြင်း တို့ကြောင့်  ရမ်ဆာကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက် ကိုးခုအနက် ငါးချက်နှင့် ကိုက်ညီသည့်အတွက် ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်တွင် ကမ္ဘာ့အဆင့် အရေးပါသော ရမ်ဆာရေဝပ်ဒေသ (Site No.၂၄၂၁) အဖြစ်လည်းကောင်း၊ အဆိုပါထိန်းသိမ်းရေးမြေသည်  အရှေ့အာရှ - သြစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်း (EAAFP) ကွန်ရက်နယ်မြေတစ်ခု လည်းဖြစ်ပြီး ထိန်းသိမ်းကာကွယ်မှု လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က နံ့သာကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ် အဖြစ်လည်းကောင်း အတည်ပြုသတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း လေ့လာသိရှိရသည်။

 

 

mdn

 

 

ငှက်မျိုးစုံ လာရောက်ကျက်စား

 

ငှက်များ ထိန်းသိမ်းထားသည့် နေရာဖြစ်သည့်အပြင် ဖမ်းဆီးသတ်ဖြတ်မှု မရှိခြင်းနှင့် အစာရေစာ ပေါကြွယ်ဝခြင်းတို့ကြောင့်  နံ့သာကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်သို့ ငှက်မျိုးစုံ လာရောက်ကျက်စားမှု များပြားလာရခြင်းဖြစ်ကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးရန်နောင်စိုးထံမှ သိရသည်။

 

သို့ဖြစ်ခြင်းကြောင့်  နံ့သာကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်ဧရိယာအတွင်း  လာရောက် ကျက်စားသော ကမ္ဘာ့အရှားပါးဆုံးမျိုးစိတ်တစ်ခု ဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက်များနှင့်အတူ ယှဉ်တွဲနေထိုင် ကျက်စားသည့် အခြားဆောင်းခိုငှက် မျိုးစိတ်များအပြင် ရှားပါးပင်လယ်လိပ်မျိုးစိတ်များ ရေရှည်ရှင်သန် ရပ်တည်နိုင်ရေးအတွက် ဒေသခံ ပြည်သူများသာမက သက်ဆိုင်ရာဌာနများ၊ သဘာဝ တရားကြီးက လက်ဆောင်နှင်းထားသည့်ဂေဟစနစ် နှင့် ဇီဝအဝန်းအဝိုင်းနယ်မြေကို ချစ်မြတ်နိုးသူများက တစ်တပ် တစ်အားဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားအပ်ပါသည်။