ဟိုက်ဒရိုဂျင် လောင်စာဖြည့်တင်းနိုင်တဲ့ဆိုင်ပေါင်း ၂၅၀ ကျော်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်းမှာ တည်ဆောက် ပြီးစီးနေပြီဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ ဒါ့အပြင် ဟိုက်ဒရိုဂျင် လောင်စာစွမ်းအင်သုံး မော်တော်ယာဉ်တွေ အသုံးပြုမှုကို များနိုင်သမျှ များပြားလာစေရေးအတွက် တိုးတက်ထုတ်လုပ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။

 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ၂၀၃၅ ခုနှစ်မှာ ဟိုက်ဒရိုဂျင်စွမ်းအင် စနစ်ကို ရာနှုန်းပြည့် အသုံးပြုတဲ့ စက်မှုကဏ္ဍ တည်ဆောက်နိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်နေပြီးတော့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ ဟိုက်ဒရိုဂျင် လောင်စာစွမ်းအင်သုံး မော်တော်ယာဉ် အစီး‌ရေငါးသောင်းအထိ ထုတ်လုပ် သုံးစွဲနိုင်ရေးကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အဖြစ် နှစ်စဉ် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို တန်ချိန် ၁၀၀၀၀၀ မှ ၂၀၀၀၀၀ အထိ ထပ်မံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဒီလို နှစ်စဉ်ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်မှု တိုးတက်လာတာ နဲ့အညီ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန် တစ်သန်းကနေ နှစ်သန်းအထိ လျှော့ချနိုင်မယ်လို့ မျှော့်လင်ထားကြောင်း သိရပါတယ်။

 

များစွာအကျိုးရှိ

 

ဒါဟာ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲလာမှုနဲ့ အိုဇုန်းလွှာပျက်စီးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ တစ်စိတ် တစ်ဒေသကို လျှော့ချနိုင်စေဖို့အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်တယ်ဆိုတာ သိရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ဟိုက်ဒရိုဂျင် လောင်စာဆဲလ်တွေဟာ စက်မှုကဏ္ဍမှာ အသုံးပြုတဲ့အခါ အောက်ဆီဂျင်နဲ့ ဓာတ်ပြုထိတွေ့ လောင်ကျွမ်းပြီးတဲ့နောက်မှာ ရေငွေ့နဲ့ အပူဓာတ်အနည်းငယ်သာ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် သဘာဝဝန်းကျင် အတွက် များစွာအကျိုးရှိမယ့် ဇီဝ လောင်စာစနစ် ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ နှစ်စဉ် ဟိုက်ဒရိုဂျင် လောင်စာထုတ်လုပ်မှုပမာဏ တန်ချိန် သန်း ၄၀ ကျော်ရှိပြီး ကမ္ဘာ့ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်မှု ပမာဏအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

 

“ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်မှုဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ် လာနိုင်ပါတယ်။ ဒါဟာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လုပ်မှုလျှော့ချရေး၊ အစိမ်း ရောင်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးလာစေဖို့ အတွက်လည်း အခရာကျတဲ့ မောင်းနှင် စွမ်းအားတစ်ခုလည်း ဖြစ်ပါတယ်” ဟု တီထွင်ဆန်းသစ်မှုနဲ့ အဆင့်မြင့်နည်း ပညာဖွံ့ဖြိုးရေးဌာနရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဝမ်ကျင့်က ပြောပါတယ်။

 

ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ

 

စက်မှုကဏ္ဍတွေမှာ ဟိုက်ဒရိုဂျင် စွမ်းအင်သုံးစွဲမှု ဖွံ့ဖြိုးလာတာနဲ့အမျှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ၂၀၃၀ ပြည့်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုအမြင့်ဆုံးမှ လျှော့ချနိုင်ရေး ရည်မှန်းချက်နဲ့ ၂၀၆၀ ပြည့်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ကင်းစင်ရေး စတဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း ဝမ်က ဆက်လက် ပြော ကြားထားပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေဟာ အပူစွမ်းအင်ကို ဖြစ်ပေါ်စေတဲ့ အနီအောက်ရောင်ခြည်ကို စုပ်ယူနိုင်စွမ်း ရှိတဲ့အတွက် သိပ္ပံပညာရှင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖန်လုံအိမ် ဓာတ်ငွေ့အဖြစ် သတ်မှတ်ထားကြပါတယ်။ လေထုအတွင်း ကာဗွန်ဒိုင် အောက်ဆိုက်သိပ်သည်းဆ တိုးမြင့်လာ တာနဲ့အမျှ ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဖြစ် ပေါ်လာစေတဲ့ အကြောင်းရင်းတစ်ရပ် ဟု ပညာရှင်များက ယူဆထားကြပါတယ်။

 

ဥပဒ်အန္တရာယ်တွေ ပေးလာနိုင်

 

လေထုအတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက် သိပ်သည်းဆများတာနဲ့အမျှ လူတွေကို ဥပဒ်အန္တရာယ်တွေ ပေးလာနိုင်ပါတယ်။ သာမန်လေဖိအားနဲ့ အပူချိန်ရှိတဲ့အချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ အငွေ့အခြေအနေမှာရှိပြီး လေထုထဲမှာ ၀ ဒသမ ၀၃၈ ရာခိုင်နှုန်း ပါဝင်လေ့ရှိပြီး လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက် ၁ ရာခိုင်နှုန်းအထက် ရှိနေ တယ်ဆိုရင် လူအချို့မှာ ခေါင်းမူးတာတွေ ဖြစ်စေပါတယ်။ သိပ်သည်းဆ ၇ ရာခိုင် နှုန်းကနေ ၁၀ ရာခိုင်နှုန်းအကြား ရှိမယ် ဆိုင်ရင် ခေါင်းကိုက်တာ၊ အကြားနဲ့ အမြင်အာရုံကို ထိခိုက်တာတွေ ဖြစ်ပေါ်စေပြီး မိနစ်ပိုင်း အနည်းငယ်မှ တစ်နာရီအတွင်း မေ့မြောသွားစေနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

 

ရုပ်ကြွင်းလောင်စာတွေကနေ ကမ္ဘာ ကြီးပူနွေးပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို စွမ်းအင်ကဏ္ဍက အများဆုံး ထုတ်လုပ်နေပြီး ပို့ဆောင်ရေးကဏ္ဍက နေ ဒုတိယအများဆုံး ထုတ်လွှတ်နေ တယ်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (International Energy Agency) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရ ပါတယ်။

ယနေ့ကမ္ဘာမှာ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာရာကနေ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုတွေ များပြားလာတာ၊ သဘာဝသယံဇာတတွေ ရှားပါးလာတာ၊ သစ်တောပြုန်းတီးတာ၊ သဘာဝဂေဟ စနစ်တွေ ပျက်စီးလာတာ၊ ဇီဝမျိုးစုံ မျိုးကွဲအရင်းအမြစ်တွေ ယိုယွင်းလာတာ၊ ရေညစ်ညမ်းမှုနဲ့ လေညစ်ညမ်းမှုစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ များနဲ့ စိန်ခေါ်မှုမျိုးစုံဖြင့် ခြိမ်းခြောက်နေပါတယ်။

 

ထိခိုက်ခံစားရမှု အများဆုံး

 

၂၀၂၁ ခုနှစ် ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ အညွှန်းကိန်း(Global Climate Change Index 2021)အရ ၂၀၀၀ ပြည့် နှစ်ကနေ ၂၀၁၉ ခုနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း လေ့လာဆန်းစစ်မှုတွေအရ ကမ္ဘာ့အဆင့် ၁၈၄ နိုင်ငံအနက်မှာ မြန်မာ နိုင်ငံအနေနဲ့ သဘာဝဘေးကြောင့် ထိခိုက်ခံစားရမှု အများဆုံးအဖြစ် ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် အာဆီယံဒေသတွင်း ထိခိုက်မှုအများဆုံး နှစ်နိုင်ငံမှာလည်း မြန်မာနိုင်ငံပါဝင်နေပါတယ်။ ဒါတွေဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားနေရတာဖြစ်ပါတယ်။

 

သစ်တောတွေပြုန်းတီးတာ၊ ကာဗွန် ထုတ်လုပ်မှုတွေများသည်ထက် များလာတာတွေကြောင့် ကမ္ဘာကြီး ပူနွေးလာတာ နဲ့ ရာသီဥတုဖောက်ပြန်မှုတွေရဲ့ နောက် ဆက်တွဲဆိုးကျိုးတွေကို လူသားတွေ လက်ရှိခံစားနေကြရပြီး ဆက်ပြီးတော့ လည်း ခံစားကြရဦးမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ကမ္ဘာကြီးပြန်လည် ကျန်းမာလာစေဖို့အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ၊ ညစ်ညမ်းမှုတွေကို လျှော့ချတာ၊ မြေ အရင်းအမြစ်၊ ရေအရင်းအမြစ်တွေ ဖွံ့ဖြိုး မှုထိန်းသိမ်းတာ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို ပိုမိုအသုံးပြုတာတွေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့လို့ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လုပ်မှုတွေကို တတ်နိုင်သမျှ လျှော့ချနိုင်စေဖို့အတွက် တီထွင် ဆန်းသစ်မှုတွေကို မဖြစ်မနေဆောင်ရွက် ကြဖို့ လူသားတိုင်းမှာ တာဝန်ရှိနေပြီဆို တာ ထင်ဟပ်နေပြီဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

 

ရည်ညွှန်းကိုးကား -

(၁) People’s Daily China

China aims to build complete hydrogen energy industry development system by 2035

(၂) Wikipedia

(၃) Global Climate Risk Index 2021