အငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦး

 

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးနှင့် စီးပွားရေး စနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲစေကာမူ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ် ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန်ဆောင်ရွက် ကြရသူများ ဖြစ်ကြပါသည်။

 

တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်

 

သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို စနစ်တကျ ကျေပွန်စွာထမ်းဆောင် နိုင်ရန်အတွက် ဝန်ထမ်းများလိုက်နာရမည့် ဥပဒေများ၊ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဋ္ဌာန်းထားရှိကြပါ သည်။ ယင်းသို့ သတ်မှတ်ပြဋ္ဌာန်းထားရှိသည့် နိုင်ငံ့ ဝန်ထမ်းဥပဒေများကို ပြည်သူ့ဝန်ထမ်းဥပဒေ (Public Service Act/Law) နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ (Civil Service Personnel Act/Law) ဟူ၍ လည်းကောင်း၊ ကျင့်ဝတ်စည်းကမ်းများကို (Code of Conduct / Code of Ethics / Civil Service Code) ဟူ၍လည်းကောင်း နိုင်ငံအလိုက် အမည်ခေါ်ဝေါ် သုံးစွဲမှုကွဲပြားကြသော်လည်း အနှစ်သာရအားဖြင့်မူ နိုင်ငံ့ဝန်ထမ်းများစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းတို့ကို သတ်မှတ်ပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။

 

ဥရောပတိုက်၊ အာဖရိကတိုက်နှင့် တောင်အမေရိကတိုက်ရှိ နိုင်ငံအများစုတွင် နိုင်ငံ့ဝန်ထမ်းဥပဒေကဲ့သို့ ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်နှင့် အမိန့်ညွှန်ကြားချက်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုခြင်းမျိုး နည်းပါးပြီး သက်ဆိုင်ရာ မိခင်ဘာသာစကားဖြင့်သာ ပြုစုထားရှိကြပါသည်။ သို့ရာတွင် Organisation for Economic Co-operation and Development (OECD) ၊ Inter-American Development Bank (IDB) နှင့် Asian Development Bank (ADB) တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများမှ အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားပြုစုထားရှိသည့် ဒေသအလိုက် သို့မဟုတ် တိုက်ကြီးများအလိုက် ပြုစုထားသော နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ ဆန်းစစ်မှု အစီရင်ခံစာများမှတစ်ဆင့် ဝန်ထမ်းစနစ်၊ ဥပဒေ ပြဋ္ဌာန်းချက်များနှင့် အုပ်ချုပ်ရေးယန္တရားလည်ပတ် မှုပုံစံတို့ကို လေ့လာတွေ့ရှိရပါသည်။

 

အဂတိတရားကင်းရှင်းရေးဆောင်ရွက်

 

ယင်းအစီရင်ခံစာများတွင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်သော ဆောင်ရွက် ခွင့်ကို အခြေခံသတ်မှတ်ချက်တစ်ရပ်အနေဖြင့် နှိုင်းယှဉ်ပြုစုထားသည်ကို လေ့လာတွေ့ရှိနိုင်ပါ သည်။ ကမ္ဘာ့နိုင်ငံအများစုတွင် နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ၌ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဘက်လိုက်ခြင်းနှင့် ခွဲခြားခြင်း တို့ကို အခြေခံအားဖြင့် တားမြစ်ထားရှိပါသည်။ ဘက်လိုက်ခြင်းနှင့် ခွဲခြားပြုမူခြင်းသည် စင်စစ် အားဖြင့် အဂတိတရားလေးပါး၌ တစ်ပါးအပါအဝင် ဖြစ်ရာ ယင်းကိုတားမြစ်ခြင်းသည် အဂတိတရား ကင်းရှင်းရေး ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

အဆိုပါပြဋ္ဌာန်းချက်များနှင့် ဥပဒေဆိုင်ရာ ကျင့်ထုံးများသည် နိုင်ငံအလိုက်ကျင့်သုံးသော အမျိုးသားရေးမူဝါဒများနှင့် ကျင့်သုံးသောအုပ်ချုပ် မှုစနစ်များအရ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံရေး၌ ပါဝင်ဆောင်ရွက်ခွင့် အတိုင်းအတာခြားနားမှုရှိပါ သည်။ အမျိုးသားရေးမူဝါဒဆိုသည်မှာ အမျိုးသား အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ဦးတည်၍ သွားရမည့် လမ်းပြမြေပုံအသွင် ဖော်ဆောင်သည့် စနစ်ပင်ဖြစ်ရာ နိုင်ငံများအနေဖြင့် နိုင်ငံအလိုက် ထိုနိုင်ငံနှင့် သင့်လျော်သည့်စနစ်ကို ချမှတ်ထားလေ့ ရှိပြီး ဥပမာအနေဖြင့် ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ် စနစ်၊ ကွန်မြူနစ်စနစ် စသည်တို့ကို ဆိုလိုခြင်းဖြစ်ပါ သည်။ ကျင့်သုံးသော အုပ်ချုပ်မှုစနစ်ဆိုရာ၌ အာဏာရှင်စနစ်၊ တစ်ပါတီစနစ်နှင့် ပါတီစုံ ဒီမိုကရေစီစနစ် စသည်တို့ကို ဆိုလိုပါသည်။

 

အာဏာရှင်စနစ်ဆိုသည်မှာ

 

အာဏာရှင်စနစ်ဆိုသည်မှာ သက်ဦးဆံပိုင်ဘုရင် စနစ်ကျင့်သုံးခြင်း သို့မဟုတ် လူတစ်ဦးတစ်ယောက် သို့မဟုတ် ဆွေမျိုးစုအစဉ်အဆက်မှ အုပ်ချုပ်ခြင်းဖြစ်ပြီး ဥပမာအနေဖြင့် မြောက်ကိုရီးယားနိုင်ငံဖြစ် ပါသည်။ ယင်းနိုင်ငံအနေဖြင့် ကိုရီးယားအလုပ်သမားများပါတီ (Workers’ Party of Korea – WPK) ကို ၂၄-၆-၁၉၄၉ ရက်နေ့တွင် တရားဝင်စတင် တည်ထောင်ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ရာ ယခုအခါ နှစ်ပေါင်း ၇၂ နှစ် သက်တမ်း ရှိပြီဖြစ်သည်။ တစ်ပါတီစနစ်ကို ယေဘုယျအားဖြင့် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒနှင့် မက်ဝါဒကျင့်သုံးသော နိုင်ငံများတွင်တွေ့ရှိရပြီး ဥပမာပြရမည်ဆိုပါက ကွန်မြူနစ်စနစ် ကျင့်သုံးသော တရုတ်နိုင်ငံနှင့် ဆိုရှယ်လစ်စနစ်ကျင့်သုံးသော ဗီယက်နမ်နိုင်ငံတို့တွင် ကျင့်သုံးကြပါသည်။ ယင်းနိုင်ငံများနည်းတူ ကျူးဘား၊ အီရီထရီယ၊ လာအိုနှင့် အနောက် ဆာဟာရ စသောနိုင်ငံများတွင် တစ်ပါတီစနစ် ကျင့်သုံးကြပြီး ယင်းနိုင်ငံများ၌ နိုင်ငံ့ဝန်ထမ်းများအား ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့်ပြုထားကာ နိုင်ငံ့ဝန်ထမ်းအများစုသည် ပါတီဝင်များဖြစ်ကြပါသည်။ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီမှချမှတ်သော မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပါတီ၏မူဝါဒနှင့် မျှော်မှန်းချက်တို့ကို အောင်မြင်ပြီးမြောက်စေရေးဆောင်ရွက်ကြရပါသည်။

 

ဥပမာပြညွှန်းဆိုရမည်ဆိုပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် တရုတ်ကွန်မြူနစ်ပါတီ (Communist Party of China – CPC) ကို ၁-၇-၁၉၂၁ ရက်နေ့တွင် တရားဝင်တည်ထောင်ခဲ့ပြီး အဆိုပါ ပါတီသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် အာဏာရတစ်ပါတီနိုင်ငံ (Authoritarian Single-Party State) အဖြစ် ဦးဆောင်ပါဝင်ပါသည်။ ဝန်ထမ်းများ ပါတီနိုင်ငံရေးဆက်နွှယ်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းဥပဒေတွင် “နိုင်ငံ့ဝန်ထမ်းစနစ်သည် CPP ပါတီ၏ ဦးဆောင်မှု အောက်တွင်ရှိရန်၊ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ထား ခြင်းခံရသူသည် နိုင်ငံရေးဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာကြရန်၊ CPP ပါတီ၏ ဦးဆောင်မှုအပေါ် လိုက်နာခြင်းကို တာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အမိန့်အာဏာ၊ CPP ပါတီ၏ ဂုဏ်သတင်းနှင့် နိုင်ငံတော်၏ ဂုဏ်သတင်းတို့အပေါ် ထိခိုက်နစ်နာစေမည့် မည်သည့်ထုတ်ပြန်ချက်ကိုမဆို ဝါဒဖြန့်ခြင်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်နှင့် CPP ပါတီ၏ ခေါင်းဆောင်မှုတို့အပေါ် ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြခြင်း၊ စီတန်းလှည့်လည်ခြင်းနှင့် စုဝေးခြင်းတို့ကဲ့သို့သော လှုပ်ရှားမှုများတွင် စည်းရုံးခြင်း သို့မဟုတ် ပါဝင် ခြင်းတို့အား မကျူးလွန်ရန်” သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

 

ဆုံးဖြတ်ချက်နှင့် အမိန့်များအား သစ္စာရှိစွာလိုက်နာ

 

အခြားတစ်ပါတီစနစ်ကျင့်သုံးသည့် လာအိုနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းဥပဒေ၌ “နိုင်ငံ့ဝန်ထမ်းများသည် အထက်အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်နှင့် အမိန့် များအား သစ္စာရှိစွာလိုက်နာပြီး ပေးအပ်သော တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် စည်းမျဉ်းများအရ ပြည်သူများကို ရိုးသားစွာနှင့် တရားမျှတမှုရှိစွာဖြင့် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၏ ပါတီနိုင်ငံရေးနှင့် လူမှုစီးပွားရေးဆိုင်ရာကိစ္စ များတွင်လည်း ပါဝင်ရမည်ဖြစ်ကြောင်း” ပြဋ္ဌာန်း ထားပါသည်။

 

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ(Communist Party of Vietnam- CPV) မှ အာဏာရတစ်ပါတီအနေဖြင့် ဦးစီးဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ဝန်ထမ်း အများစုသည် ပါတီဝင်များဖြစ်ကြသည့်အလျောက် ပါတီ၏ ဝန်ထမ်းစီမံခန့်ခွဲမှုစနစ်အား အစိုးရလုပ်ငန်း ဆောင်ရွက်မှု စနစ်နှင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ စနစ်နှစ်ခုအား အပြိုင်ဆောင်ရွက်လျက် ရှိခြင်းကြောင့် အကျိုးကျေးဇူးရရှိသော်လည်း တစ်ခါတစ်ရံတွင် ပါတီ၏နိုင်ငံရေးလိုအပ်ချက်များ နှင့် ဗျူရိုကရေစီစနစ်၏ လိုအပ်ချက်များအကြား အားပြိုင်သည့် ဆိုးကျိုးများလည်းရှိကြောင်း တွေ့ရှိရပါသည်။

 

ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံ့ဝန်ထမ်းများအား ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့်နှင့်ပတ်သက်သော ပြဋ္ဌာန်းချက်များကို ထုတ်ပြန်ထားပါသည်။ ယင်းသို့ထုတ်ပြန်ရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားမှုရှိသော် လည်း ယေဘုယျအားဖြင့် ဒီမိုကရေစီစနစ် တိုးတက် ထွန်းကားပြီးသည့် နိုင်ငံအများစုတွင် နိုင်ငံ့ဝန်ထမ်းများအား ရုံးချိန်အတွင်း နိုင်ငံရေးဆောင်ရွက်ခွင့် ကန့်သတ်တားမြစ်ထားသော်လည်း ရုံးချိန်ပြင်ပ၌ ဆောင်ရွက်ခွင့်ပြုထားပြီး ဒီမိုကရေစီစနစ်ဖွံ့ဖြိုးဆဲ နိုင်ငံအများတွင် နိုင်ငံ့ဝန်ထမ်းများအား ရုံးချိန်နှင့် ရုံးချိန်ပြင်ပတို့တွင်ပါ ပါတီနိုင်ငံရေးဆောင်ရွက် ခွင့်ကို တားမြစ်ထားသည်ကို တွေ့ရှိရပါသည်။ အချို့သောနိုင်ငံများတွင် နိုင်ငံရေးဘက်လိုက်မှုမရှိ ခြင်းအား သီးသန့်ပြဋ္ဌာန်းချက်တစ်ရပ်အနေဖြင့် သတ်မှတ်ထားရှိပြီး ယင်းပြဋ္ဌာန်းချက်အောက်တွင် ပုဒ်မနှင့် ပုဒ်မခွဲများကို အသေးစိတ်သတ်မှတ် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

 

ဒီမိုကရေစီဖခင်နိုင်ငံဟု တင်စားခေါ်ဝေါ်ရသည့် အမေရိကန်ပြည်ထောင်စုတွင် “ပြည်နယ်နှင့် ဒေသန္တရအစိုးရဌာနတို့တွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတ်မှတ် ထားသော ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ၍ နိုင်ငံရေးလှုပ်ရှားမှုများမှ ကင်းရှင်းရန်” သတ်မှတ် ပြဋ္ဌာန်းထားပါသည်။

 

ကြားနေသဘောထားဖြင့်သာ ထမ်းဆောင်

 

ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းရာကျော် အောင်မြင်စွာကျင့်သုံးနေသည့် ယူနိုက်တက် ကင်းဒမ်းတွင် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံရေးဆောင်ရွက် မှုနှင့်ပတ်သက်၍ “နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရတစ်ရပ်မှ မည်သို့သော နိုင်ငံရေးဆိုင်ရာ စည်းရုံးသိမ်းသွင်းမှုမျိုးပြုလုပ်စေကာမူ ကြားနေ သဘောထားဖြင့်သာ တာဝန်ထမ်းဆောင်ကြရန်၊ ဝန်ထမ်းအနေဖြင့် နိုင်ငံရေးယုံကြည်မှု မည်သို့ရှိစေ ကာမူ ဝန်ထမ်းကျင့်ဝတ်ပါ ပြဋ္ဌာန်းချက်နှင့်အညီ နေထိုင်ကြရန်၊ ပါတီနိုင်ငံရေးဆိုင်ရာ ယူဆချက်များအတိုင်း ပြုမူနေထိုင်ခြင်း (သို့မဟုတ်) ပါတီနိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် အစိုးရပိုင် ရင်းမြစ်များကို အသုံးပြုခြင်းနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ နိုင်ငံရေးဆိုင်ရာ သဘောထားအမြင်အား အကြံဉာဏ်ပေးခြင်းနှင့် ပြုမူဆောင်ရွက်စေခြင်း တို့ကို မပြုလုပ်ရန်” ပြဋ္ဌာန်းထားရှိပါသည်။

 

ဒီမိုကရေစီစနစ်ကို နှစ်ပေါင်း ၅၀ ကျော် ကျင့်သုံးခဲ့သည့် အိန္ဒိယနိုင်ငံတွင်မူ “ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့် အကျိုးစီးပွားဆက်နွှယ်နေသည့် မည်သို့သော အပြုအမူကိုမျှ ဆောင်ရွက်ခြင်းမရှိရသည့်အပြင် ဝန်ထမ်းအပါအဝင် ၎င်း၏ မိသားစုဝင်များအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါတီနိုင်ငံရေး များတွင် ပါဝင်ခွင့်မရှိရန်နှင့် အကယ်၍ မိသားစု ဝင်များ၏ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားပတ်သက်နေ မှုကို နိုင်ငံ့ဝန်ထမ်းဘက်မှ တားမြစ်နိုင်ခြင်းမရှိပါက အဆိုပါကိစ္စရပ်ကို အစိုးရထံသို့ အစီရင်ခံစာတင်သွင်း ရမည်ဖြစ်သည်” ဟု အတိအလင်းပြဋ္ဌာန်းထားပါသည်

 

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန် နိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလုပ်ဆောင်ချက်အတွက် အကျိုးစီးပွား ဆက်နွှယ်ဖြစ်ထွန်းစေသည့် မည်သည့် အပြုအမူကိုမှ ဆောင်ရွက်ခွင့်မရှိဟူ၍ လည်းကောင်း၊ ရွေးကောက်ခံပါတီ၏အကြံပေးနှင့် အဖွဲ့ဝင်လည်း မဖြစ်စေရဟူ၍လည်းကောင်းသို့မဟုတ် အလားတူ ရာထူးဖြင့် နိုင်ငံရေးပါတီ တစ်ခုတွင် အဖွဲ့ဝင်လည်း မဖြစ်စေရ ဟူ၍ လည်း ကောင်း” ဟု ပြဋ္ဌာန်းထားရှိပါသည်။

 

အလားတူ ဒီမိုကရေစီစနစ် တိုးတက်ထွန်းကား ပြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် မိမိအစိုးရနှင့် ပြည်သူအပေါ်သစ္စာရှိခြင်း၊ တရားမျှတခြင်း၊ စည်းစောင့်ခြင်း၊ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ခြင်း၊ နိုင်ငံရေးအရဘက်လိုက်မှုမရှိခြင်း စသည်တို့ကို လိုက်နာရမည်ဖြစ်ကြောင်း၊ ယင်းအပြင် နိုင်ငံရေး ပါတီ/ အဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် ပူးပေါင်းပါဝင်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်း၊ လက်မှတ်ရေးထိုးသည့် အစီအစဉ်များတွင်ပါဝင် ဆောင်ရွက်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် နိုင်ငံရေးနှင့်သက်ဆိုင်သော စာရွက် စာတမ်းနှင့် စာစောင်များဖြန့်ဝေခြင်း၊ ပြည်သူ့ ဘဏ္ဍာငွေကို ကိုယ်ကျိုးအတွက်အသုံးပြုခြင်း၊ အသုံးပြုရန် အားပေးအားမြှောက်ပြုခြင်းစသည့် ဆောင်ရွက်မှု မပြုရန်ဖြစ်ကြောင်း၊ အကယ်၍ နိုင်ငံ့ ဝန်ထမ်းတစ်ဦးအနေဖြင့် ပါတီနိုင်ငံရေးတွင် ပါဝင်မှု မရှိသော်လည်း နိုင်ငံရေးပါတီ/အဖွဲ့အစည်းများမှ ပါဝင်နိုင်ရေး မလျော်ကန်သော နည်းလမ်းများဖြင့် စည်းရုံးသိမ်းသွင်းလာပါက အဆိုပါနိုင်ငံ့ဝန်ထမ်းက ယင်းအဖြစ်အပျက်ကို ၎င်း၏ဌာန/အဖွဲ့အစည်းသို့ အကြောင်းကြားရမည်” ဟူ၍ အတိအလင်းပြဋ္ဌာန်း ထားသည်။

 

ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့်ပတ်သက်၍

 

ဒီမိုကရေစီစနစ်ဖွံ့ဖြိုးဆဲဖြစ်သည့် အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများတွင်လည်း ဝန်ထမ်းများ ပါတီ နိုင်ငံရေးကင်းရှင်းရေးနှင့်ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်-

 

ကမ္ဘောဒီးယားနိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ ကြားနေသဘောတရားဖြင့်သာ ကျင့်သုံးထမ်းဆောင် ကြရန်၊ ပါတီနိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီဝင်တစ်ဦးနှင့် ဆက်နွှယ် ခြင်း (သို့မဟုတ်) တာဝန်ထမ်းဆောင်ခြင်း၊ နိုင်ငံရေး ပါတီတစ်ခုနှင့် ဆက်နွှယ်ခြင်း (သို့မဟုတ်) တာဝန် ထမ်းဆောင်ခြင်းများ၌ ပါဝင်ရန် မိမိ၏ရာထူးနှင့် ဌာနမှ အထောက်အပံ့ပြုထားသည့် ပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်ရန်” ဟူ၍ သတ်မှတ် ပြဋ္ဌာန်းထားပါသည်။

 

အင်ဒိုနီးရှားနိုင်ငံတွင် “နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးအင်အားစုများနှင့် နိုင်ငံရေးပါတီများ၏ လွှမ်းမိုးမှုနှင့် စွက်ဖက်မှုမှ ကင်းရှင်းကြရန်” သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

 

မလေးရှားနိုင်ငံတွင် “ထိပ်တန်းစီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်ပညာရှင်အဖွဲ့တို့မှ စီမံခန့်ခွဲမှု အရာရှိများ အနေဖြင့် ပါတီနိုင်ငံရေး၌ ပါဝင်ခြင်း၊ နိုင်ငံရေးပါတီ များအကြား ပါတီစွဲအမြင်များထုတ်ဖော်ခြင်း၊ နိုင်ငံ ရေးပါတီ ဆောင်းပါးများထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊ နိုင်ငံရေးပါတီအတွက် စည်းရုံးရေး ဆင်းခြင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦးအဖြစ် မည်သည့်နိုင်ငံရေး ရာထူးအတွက်မဆို ရွေးကောက် တင်မြှောက်ခြင်းနှင့် နိုင်ငံရေးပါတီတွင် ရာထူးရယူခြင်းတို့ကို တားမြစ်ထားပါကြောင်း၊ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သော အငြိမ်းစားအရာရှိများအား အစိုးရ၏ လိုအပ်ချက်မှလွဲ၍ ဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ်မည်မဟုတ်ကြောင်း၊ သို့သော် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် အတွင်းဝန်များထံမှ သဘောတူခွင့်ပြုချက် ရရှိပါက ပြန်လည်ခန့်အပ်နိုင်ကြောင်း၊ လုပ်သက်(၁၀)နှစ် အောက်အရာရှိဖြစ်ပါက နုတ်ထွက်စာကို ဌာနအကြီးအကဲထံတင်ပြပြီး အလုပ်မှနုတ်ထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများအတွက် ရုံးလုပ်ငန်း သတင်းအချက်အလက်များ အသုံးပြုခြင်းကို တားမြစ်ပါကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများသည် ၁၉၉၃ ခုနှစ် ပြည်သူ့အရာရှိများ အပြုအမူနှင့် စည်းကမ်းလိုက်နာမှုဆိုင်ရာ စည်းမျဉ်းများနှင့် ဆန့်ကျင်မှုမရှိစေရ ဟူသည့်အချက်ကို လိုက်နာရ မည်ဖြစ်ပြီး ချမှတ်ထားသည့် အချက်အလက်များကို လိုက်နာရန် ပျက်ကွက်ပါက ပါတီနိုင်ငံရေးဆိုင်ရာ ခွင့်ပြုချက်ကို ရုပ်သိမ်းနိုင်ကြောင်း” စသည်ဖြင့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံရေးပါဝင်ဆောင်ရွက်ခွင့် နှင့်စပ်လျဉ်း၍ အသေးစိတ်သတ်မှတ်ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

 

(ဆက်လက်ဖော်ပြပါမည်)