ဂျိုဟန်နစ္စဘတ် ဧပြီ ၁၉
တောင်အာဖရိကနိုင်ငံ ကွာဇူလူနာ တာပြည်နယ်၌ လွန်ခဲ့သည့် သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများမှတစ်ဆင့် ရေကြီးရေလျှံမှုများဖြစ်ပွားရာ လက်ရှိအချိန်အထိ ၄၄၃ ဦးသေဆုံးပြီး ၆၃ ဦး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန် ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ရက်များအတွင်းကပင် ပြည်နယ်အတွင်း အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း ကွာဇူလူနာတာ ပြည်နယ်ဝန်ကြီးချုပ် ရှီလီဇီကာလာလာက ပြောကြားသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ဒေသ၌ တောင်အာဖရိကနိုင်ငံ တပ်မတော်နှင့်ရဲတပ်ဖွဲ့မှ လေယာဉ်များအား ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်း ၎င်းကပြောကြားသည်။
လက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် ကွာဇူလူနာတာ ပြည်နယ်အတွင်းရှိ အိမ် ၃၉၃၇ လုံး ပျက်စီးသွားခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ယခုဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုသည် ကွာဇူလူနာတာပြည်နယ် သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေး ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ