ရန်ကုန် ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ရခိုင်ချောင်(တောင်)ကျေးရွာတွင် သပြေငုတ်(အောင်သပြေ)ပင်များအား စမ်းသပ်စိုက်ပျိုးရာမှ စိုက်ပျိုးမှုဖြစ်ထွန်းကာ ဈေးကွက်ဝင် အရောင်းတွင်ကျယ်သည့်အတွက် စီးပွားဖြစ်စိုက်ပျိုးလာကြောင်း သိရသည်။
ရခိုင်ချောင်(တောင်)ကျေးရွာအုပ်စု လိပ်ကုန်းကျေးရွာနေ လယ်သမားကြီး ဦးထွန်းမင်းဦးသည် ၂၀၂၁ ခုနှစ်တွင် သပြေငုတ်ပင်များအား ဧကဝက်ခန့် စမ်းသပ်စိုက်ပျိုးခဲ့ရာ စိုက်ပျိုးမှုများ ဖြစ်ထွန်းအောင်မြင်၍ အရောင်းတွင်ကျယ်ခဲ့ပြီး မိသားစုစားဝတ်နေရေးအပြင် အပိုဝင်ငွေများရရှိခဲ့သည့်အတွက် ယခုနှစ်တွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးခဲ့ကာ စိုက်ဧက (၁၀)ဧကခန့် စိုက်ပျိုးထားကြောင်း၊ အနီးပတ်ဝန်းကျင်မှ လယ်သမားများလည်း စိုက်ပျိုးလာကြကြောင်း သိရသည်။
သပြေငုတ်ပင်တစ်ဧက စိုက်ပျိုး၍ ရရှိသည့် ဝင်ငွေသည် လယ်(၁၀)ဧက စိုက်ပျိုး၍ ရရှိသည့် ဝင်ငွေနှင့် ညီမျှကြောင်း၊ ဈေးကွက်လည်းရှိ၍ အရောင်းတွင်ကျယ်သည့်အတွက် စိုက်ပျိုးကြစေလိုကြောင်း စိုက်ပျိုးသူ ဦးထွန်းမင်းဦးက ပြောသည်။ ထို့ပြင် ကျေးရွာနေပြည်သူများအား ပေါင်းသင် မြက်ရှင်း အပင်ဆေးဖျန်း အပင်ကိုင်းဖြတ် အပင်နုတ် စသည့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရရှိစေကြောင်း သိရသည်။
“စိုက်ပျိုးဖြစ်ထွန်းတယ်၊ အပိုဝင်ငွေလဲရတယ်၊ ဒါကြောင့် ခုနှစ်မှာ ညီအကိုမောင်နှမတွေပါ စိုက်ပျိုးတာ (၁၀)ဧကလောက် ရှိတယ်” ဟု စိုက်ပျိုးသူ ဦးထွန်းမင်းဦးက ပြောသည်။
သပြေငုတ်များစိုက်ပျိုးခြင်းကြောင့် ကျေးရွာအတွင်းရှိ လူငယ်လူရွယ်များလည်း ပေါင်းသင် မြက်ရှင်း ဆေးဖျန်း သပြေပင်ဖြတ် စသည့်လုပ်ငန်းများတွင် လက်ခစားအဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရသည့်အတွက် ကျေးရွာအတွင်း အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရရှိစေကြောင်း သိရသည်။
သပြေငုတ်များအား မိုးကျသည်နှင့် အစေ့ချစိုက်ပျိုးကြောင်း စိုက်သက် (၈)လခန့်အကြာ အပင်အမြင့် တစ်တောင်ခန့်အရောက်တွင် သပြေငုတ်ပင်ရင်း ၆ လက်မခန့်မှ အပေါ်ပိုင်းများဖြတ်ကာ ကျန်သပြေငုတ်များအား ပြန်လည်ပျိုးထောင် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
သပြေငုတ်ပင်များ၏ အပေါ်ပိုင်းများဖြတ်၍ နှစ်လအကြာတွင် ရောင်းတန်းဝင်ပြီး ရွှေအိုရောင် သပြေငုတ်ပင်များသည် ဈေးနှုန်းပိုရကြောင်းနှင့် စိုက်ခင်းအထိ ကုန်သည်များမှ လာရောက်ဝယ်ယူကြောင်း သိရသည်။
ယခုအခါ သပြေငုတ်ပင်များသည် ဈေးကွက်တွင်ကျယ်၍ ရောင်းတန်းဝင် အပင်တစ်မျိုးဖြစ်ပြီး ရခိုင်ချောင်(တောင်)ကျေးရွာအုပ်စု လိပ်ကုန်းကျေးရွာတွင် သပြေငုတ်ပင်များ စိုက်ပျိုးဖြစ်ထွန်းကာ စိုက်ပျိုးသူနှင့် အငှားလုပ်သားများလည်း အပိုဝင်ငွေများရရှိ၍ မိသားစုစားဝတ်နေမှုဘဝများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မောင်ယဉ်ဦး