နေပြည်တော် ဧပြီ ၁၉
    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။
    
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အ‌ခြေအနေနှင့် နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်း၍ စစ်ဆေး ဆောင်ရွက်နေမှုတို့ကို မေးမြန်းသည်။
    
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံရေးပါတီများအား စစ်ဆေးဆောင်ရွက်နေမှုနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ခင်ရင်းနှီး စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
    
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)