နေပြည်တော် ဧပြီ ၂၀

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။ 

ရှေးဦးစွာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်ကြိုင်က မတ် ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် အမျိုးသား စီမံကိန်းကော်မရှင် အစည်းအဝေးအမှတ် (၁/၂၀၂၂) တွင် အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးသာမက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးပါကြောင်း၊ သက်မွေးပညာ သင်တန်းများမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါအစီအမံများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထား အကောင်အထည်ဖော်ပေးရန် လိုအပ်ပါကြောင်း အဓိကထည့်သွင်းပြောကြားပြီး လမ်းညွှန်မှုပြုထားပါကြောင်း။

NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် အမျိုးအစား(၃၀)အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား (၁၇၁၀၃)ဦးထိ ရရှိလာပြီဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးနိုင်ရေး၊ စက်ရုံများ မှတ်ပုံတင်ရေးနှင့် SME လုပ်ငန်းများ စနစ်တကျရှိစေရေး လုပ်ငန်းစီမံချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်လုပ်သား၊ လျှပ်စစ်လုပ်သား၊ ဂဟေဆက်လုပ်သားနှင့် အုတ်စီလုပ်သား ကျွမ်းကျင်မှုအဆင့်(၁) အလုပ်အကိုင်(၄)မျိုးအတွက် လုပ်သား (၄၈၃)ဦး စစ်ဆေးအကဲဖြတ်ခဲ့ရာ အောင်မြင်သူလုပ်သား (၄၆၇)ဦးကို အသိအမှတ် ပြုပေးနိုင်ခဲ့ကြောင်း၊ အလုပ်အကိုင် (၄)မျိုးအနက် အထည်ချုပ်လုပ်သား ကျွမ်းကျင်မှုအဆင့်(၁) အလုပ်အကိုင်တွင် ဝင်ရောက်ဖြေဆိုသူ (၄၀၀)ရှိပြီး အောင်မြင်သူလုပ်သား (၃၈၇)ဦးရှိသဖြင့် လုပ်သားအများဆုံး ဖြေဆိုအောင်မြင်သည့် အလုပ်အကိုင်ဖြစ်သည်ကို တွေ့ရှိရကြောင်း။

ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်အကိုင် (၃၃)မျိုးအတွက် ကျွမ်းကျင်လုပ်သား (၅၀၀၀)ကို စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်သွားမည်ဖြစ်ပြီး NSSA ၏ စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ်စေရန် ကျွမ်းကျင်မှု “စံ” ရေးဆွဲနည်းသင်တန်းများနှင့် စစ်ဆေးအကဲဖြတ်နည်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်တွင် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံ၏လုပ်သားဈေးကွက် လိုအပ်ချက်အရ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။ 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးလုပ်ငန်းစဉ်တွင် ဖြေဆိုအောင်မြင်ခဲ့သည့် အလုပ်အကိုင် (၃) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၅၀၄)ဦး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲ ဖြတ်ရေးဌာန (၃) ခုနှင့် အလုပ်အကိုင် (၃) မျိုးအတွက် စစ်ဆေးအကဲဖြတ်သူ (၁၂)ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များကို ပေးအပ်သွားမည်ကြောင်း၊ NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်၊ မတ်လအထိ အလုပ်အကိုင် အမျိုးအစား(၃၀)အတွက် အရည်အချင်းပြည့်မီသူ လုပ်သား (၁၆၉၇၇)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန(၁၉၇)ခုကို အသိအမှတ်ပြုနိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ ဥက္ကဋ္ဌ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိမ်းသူရနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က NSSA ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် ဖြေဆိုအောင်မြင်ခဲ့သည့် အလုပ်အကိုင် (၃)မျိုးအတွက် ကျွမ်းကျင်လုပ်သား (၅၀၄)ဦး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန (၃)ခုနှင့် အလုပ်အကိုင် (၃)မျိုးအတွက် စစ်ဆေးအကဲဖြတ်သူ (၁၂)ဦးတို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ကျွမ်းကျင်လုပ်သားများနှင့် ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အလုပ်ရှင်များကိုယ်စား Maple Win Co.,Ltd. Managing Director ဒေါက်တာအောင်ဝင်းနှင့် အလုပ်သမားကိုယ်စားလှယ် အထည်ချုပ်ကျွမ်းကျင် လုပ်သား ဦးပြည့်စုံဖြိုးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ NSSA နည်းပညာအထောက်အကူပြု ရုံးများမှတစ်ဆင့် သက်ဆိုင်ရာ Assessment Center များသို့ ပေးအပ်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများအနေဖြင့် အသိအမှတ်ပြုလက်မှတ်များကို မိမိတို့ဖြေဆိုခဲ့သော Assessment Center များသို့ သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်