ရေနံချောင်း ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၈၆ ဒသမ ၂၅ ကျပ်သန်း အသုံးပြု၍ ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ ဖရဲကျွန်းကျေးရွာ၌ ကုန်ထုတ်လမ်း သုံးဖာလုံဖောက်လုပ်ခြင်း၊ ပင်းဝကျေးရွာ၌ ကုန်ထုတ်လမ်း ခြောက်ဖာလုံဖောက်လုပ်ခြင်းနှင့် ကုန်းကန်ကျေးရွာ၌ ကုန်ထုတ်လမ်း တစ်မိုင်ခြောက်ဖာလုံ ဖောက်လုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၈၆ ဒသမ ၂၅ သန်းဖြင့် ဖောက်လုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာများအား လက်ရှိ လမ်းအခြေအနေ၊ သတ်မှတ်အတိုင်းအတာများအား ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ပြောပြသည်။
အဆိုပါကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်ပြီးစီးပါက ၎င်းကျေးရွာသုံးရွာအပါအဝင် လမ်းဘေးရှိ ကျေးရွာ ၁၃ ရွာတို့မှ အိမ်ခြေ ၂၁၆၇ အိမ်၊ လူဦးရေ ၈၈၈၃ ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန်ဧက ၂၆၄၅ ကျော်တို့၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးများ ကောင်းမွန်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ဆက်လက်ပြောပြသည်။
စိုးမိုးကျော်


