ပွင့်ဖြူ ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာ (၁၄)ရွာတွင် လူနေအိမ် (၇၀)ကျော် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာတွင် ဘာသာရေးအဆောက်အအုံ (၁)လုံး၊ ရွာသာညွန့်ကျေးရွာတွင် လူနေအိမ် (၁၅)လုံး၊ ထနောင်းကုန်းကျေးရွာတွင် လူနေအိမ် (၁၀)လုံး၊ ထူးကျေးရွာတွင် လူနေအိမ် (၆)လုံး၊ မဒဲကျေးရွာတွင် လူနေအိမ် (၁)လုံး၊ မုန်းဇလဲကျေးရွာတွင် လူနေအိမ် (၁၃)လုံး၊ ပေါက်ကုန်းကျေးရွာတွင် လူနေအိမ် (၁)လုံး၊ သမော်အင်းကျေးရွာတွင် လူနေအိမ် (၁)လုံး၊ လယ်ကိုင်းကျေးရွာတွင် လူနေအိမ် (၁၇)လုံး၊ သိမ်ကုန်းကျေးရွာတွင် လူနေအိမ် (၂)လုံး၊ ဖလံတောကျေးရွာတွင် လူနေအိမ် (၁)လုံး၊ ကျောင်းတော်ရာကျေးရွာတွင် လူနေအိမ် (၂)လုံး၊ ရွာသစ်ကုန်းကျေးရွာတွင် လူနေအိမ် (၅)လုံး၊ အနောက်လေးအိမ်ကျေးရွာတွင် လူနေအိမ် (၁)လုံး စုစုပေါင်း လူနေအိမ် (၇၅)လုံးနှင့် ဘာသာရေးအဆောက်အအုံ (၁)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

ထိခိုက်ပျက်စီးသည့် လေဘေးသင့်အိမ်ထောင်စုများအား အဆင်ပြေစွာနေထိုင်နိုင်ရေး ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။  

ထို့အပြင် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သစ်ပင်ကြီးများပြိုလဲမှုကြောင့်  လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ထိခိုက်ပျက်စီးခြင်းနှင့် ငှက်ပျောစိုက်ခင်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်း ထိခိုက်ပျက်စီးသည့်နေရာများအား မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ လိုင်းတာဝန်ခံနှင့် လျှပ်စစ်ဝန်ထမ်းများက ဒေသခံပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)