ဆင်ပေါင်ဝဲ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာ ၁၁ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် တူလူ၊ ဖောင်အိုင်၊ ကျောက်မြောင်း၊ လယ်ကျိုး၊ မကြီးရင်း၊ ဂွေးတောက်စမ်း၊ အင်ရုံ၊ မကြီးစမ်း၊ သပြေစမ်း၊ စာရပေ(အရှေ့)၊ အင်ပင်လှ စသည့် ကျေးရွာ ၁၁ ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ရှစ်ခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ အခြားရေရရှိရေးလုပ်ငန်း တစ်ခုနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ဆိုလာတပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ လုပ်ငန်းများအား လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ့နဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှုမရှိစေရေး ကြိုးစားဆောင်ရွက်နေပါတယ်။ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ကျေးရွာနေပြည်သူတွေအနေဖြင့် ရေရှားပါးမှု ဖြစ်ပေါ်ပါက ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်” ဟု မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ဆက်လက်ပြောပြသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လာတာကာလတွင် သာစည်ကျေးရွာ၌ ခွင့်ပြုရန်ပုံငွေကျပ် ၃၆ ဒသမ ၆၅၅ သန်းဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် သောက်သုံးရေ ဖူလုံစွာရရှိရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကျော်ဦး


