ချောက် ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ လျှပ်စစ်မြစ်ရေတင် (၂)ခုဖြင့် နွေရာသီ သီးနှံများအဖြစ် ပဲတီစိမ်း၊ နှမ်း၊ မြေပဲသီးနှံ (၃)မျိုးအား စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံအား လျာထားဧကထက်ကျော်လွန်၍ ရေသွင်းပေးဝေစိုက်ပျိုးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး သောက်သုံးရေကန်များ ရေဖြည့်ပေးခြင်း၊ ပိုက်လိုင်းများဖြင့် နွေရာသီသောက်သုံးရေ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံ ပဲတီစိမ်း၊ နှမ်း၊ မြေပဲတို့ကို ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၁၁၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၁၁၅၀)ဧက စုစုပေါင်း (၂၂၅၀)ဧက ရေသွင်းပေးဝေစိုက်ပျိုးရန် လျာထားလျက်ရှိရာ ယနေ့အထိ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ (၇၀၀)ဧက၊ စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၉၀၂)ဧက ရေသွင်းပေးဝေ စိုက်ပျိုးပြီးစီးပြီး ဆက်လက်၍ ဥမင်ကိုးပေါက်နှင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ (၂၆၀၀)ဧကအထိ ရေသွင်းပေးဝေ စိုက်ပျိုးသွားမည်ဖြစ်သည်။
ယခုအခါ နွေရာသီ သောက်သုံးရေဖြန့်ဝေခြင်းအနေဖြင့် စလေပခန်းငယ် လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၅)ရွာအတွက် သောက်သုံးရေကန်(၄)ကန်၊ ရေပိုက်လိုင်း(၁)လိုင်း၊ ဥမင်ကိုးပေါက် မြစ်လျှပ်စစ်မြစ်ရေတင်မှ ကျေးရွာ(၄)ရွာအတွက် ရေကန်(၃)ကန်၊ ရေပိုက်လိုင်း(၁)တို့ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းများပါ ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ၂၀၂၁-၂၀၂၂ ခုနှစ် နွေသီးနှံအား သတ်မှတ်လျာထားသည့် (၂၂၅၀)ဧကမှ (၂၆၀၀)ဧကအထိ ရေပေးဝေသွားမည်ဖြစ်၍ လျာထားချက်ထက် ကျော်လွန်ကာ ရေပေးဝေနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ချောက်မြို့နယ်သည် အပူချိန်မြင့်မားသည့်ဒေသ ဖြစ်သည့်အတွက် လျှပ်စစ်မြစ်ရေတင်(၂)ခုမှ စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေခြင်းဖြင့် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေသာမက သောက်သုံးရေအဖြစ်ပါ အသုံးပြုနိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာပါက စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
ကျော်မိုး(ပြန်/ဆက်)


