ကျောက်ဆည် ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၃/၂၀၂၂)ကို ခရိုင် လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်သင်းပျံ့ကြူက ရှေးဦးပြုစုခြင်း အခြေခံသင်တန်း တက်ရောက် ခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိသားစုနှင့် မိမိကိုယ်တိုင် ပြုစုစောင့်ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်း ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြေားကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ကျောက်ဆည်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေးက ကြက်ခြေနီ အသင်း၏ အခြေခံမူများ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးရိုစီးခြင်း အကြောင်းအရာများကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဒေါ်မြင့်မြင့်စန်းက အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ် သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်းအဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက် အကြောဒဏ်ရာများအကြောင်းနှင့် ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှတပ်ခွဲမှူး ဦးပြည့်စိုးက ကိုင်တွယ်ခြင်း၊ သယ်ယူခြင်း၊ အခြေခံ အသက်ကယ်အထောက်အကူပြုနည်း စသည့် ဘာသာရပ်များကို သင်တန်းသား သင်တန်းသူ(၂၅)ဦးအား စာတွေ့လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


