နေပြည်တော်  ဧပြီ ၂၁

    
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူး များနှင့် ခရိုင်ပညာရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပညာသင်နှစ်တစ်နှစ် အောင်မြင်စွာပြီး မြောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ဝန်ကြီးဌာနများနှင့် ပညာရေးဝန်ထမ်းများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ကြသည့် တိုင်းဒေသ ကြီး/ပြည်နယ်ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများအတွက် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်၍ ဆွေးနွေးပွဲများကျင်းပကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား လူငယ်များကိုလည်း လိမ္မာယဉ်ကျေးအောင်၊ လူကြီးမိဘများ ကို ရိုသေလေးစားတတ်အောင်နှင့် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် ပိုမိုရှင်သန်လာစေရေးနှင့်ပတ်သက်၍ သင်ကြားပေးနိုင်မည့် နည်းလမ်းများကိုပါ ထည့်သွင်းဆွေးနွေးကြစေလိုကြောင်း။

 နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌသည် ပညာရေးအဆင့်အတန်း မြင့်မားရေးအတွက် အမြဲမပြတ် လမ်းညွှန်ပေးလျက်ရှိပါ ကြောင်း၊ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာဆရာမ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် B.Ed အဝေးသင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ကာ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ သည် တက်ရောက်လာကြသူများအားလုံး စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ထူးချွန်ထက်မြက် လာစေရန်၊ မသိရှိသေးသည်များကို သိရှိလာစေရန်နှင့် မေ့လျော့နေသည်များကိုလည်း ပြန်လည်မှတ်မိလာစေရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် သင်တန်းကာလအတွင်း ထိရောက်သော ဆွေးနွေးမှုများကို ပြုလုပ်ကြစေလိုပါကြောင်း ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပကာ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပညာ/ကြီးကြပ်အကဲဖြတ်နှင့် စာရင်းအင်း/မူဝါဒ  ဘာသာရပ်များကို ဆွေးနွေး ပို့ချသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူး များ တက်ရောက်ကြကြောင်း သိရသည်။
 
(သတင်းစဉ်)