နေပြည်တော် ဧပြီ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သို့ရောက်ရှိပြီး အသေးစား စက်မှု လက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
    
ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ကိုကိုးကျွန်းမြို့နယ်၊ မြို့တော်ခန်းမ၌ မြို့မိမြို့ဖ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသားများနှင့် တွေ့ဆုံပြီး အုန်းထွက်ပစ္စည်းများကို ယခု ထက်ပိုမို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်များအား ဈေးနှုန်း သက်သာစွာ ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်ထားကြောင်း၊ အုန်းအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်သည့် သင်တန်း၊ အုန်းလက်မှုထည် ထုတ်လုပ်သည့် သင်တန်းများကို (၂) ပတ် ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းများအနက် ကိုယ်ပိုင်လုပ်ငန်း ထူထောင်တဲ့သူများရှိသည်ဟု သိရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ သင်တန်းပြီးစီး၍ လုပ်ငန်းထူထောင်နေသူများ၏ ထုတ်ကုန် များ ဈေးကွက်ရရှိရေး၊ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည်ထက် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ပါက ပိုမိုအောင်မြင် နိုင်မည်ဖြစ် သဖြင့် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ အုန်းဆံများ အသုံးပြုပြီး လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာသင်တန်းများ ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ကိုကိုး ကျွန်းဒေသ ဖွံ့ဖြိုးလာစေရန် အတွက် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကိုကိုး ကျွန်းဒေသကဲ့သို့ အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
    
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုကိုးကျွန်းဒေသ၊ အုန်းဆံကြိုးစက်ရုံ တည်ဆောက် နေမှုကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စားသောက်ကုန် သင်တန်း တက်ရောက်အောင်မြင်ပြီး သူများ၏ တစ်ပိုင်တစ်နိုင်ဆောင်ရွက်နေသည့် “ပြည့်စုံ” စားသောက် ကုန်လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
    
ဆက်လက်၍ ရေတပ်အခြေစိုက်စခန်းမှ ဖွင့်လှစ်ထားသော အုန်းဆံကြိုးစက်ရုံ၊ အလှ ဆင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းနှင့် ဆေးဖက်ဝင် အဆီကျအုန်းဆီသန့် ထုတ်လုပ်မှုစက်ရုံကို ကြည့်ရှုလေ့လာသည်။
    
ထို့နောက် ဒုတိယဝန်ကြီး သည် ရန်ကုန်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံ၍ ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အချိန်မီ ပြီးစီးရန်နှင့် ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းစွာဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားပြီး မိုးဦးပန်း အထွေထွေရောင်းဝယ်ရေးသမဝါယမ အသင်းလီမိ တက်၏ ဒေသထွက်ကုန်အရောင်းဆိုင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့် ဆည်းပေးခဲ့သည်။ 

(သတင်းစဉ်)