မောင်သိန်းဆိုင်


ယမန်နေ့မှအဆက်


အများကဝိုင်းဝန်းတိုက်တွန်းလွန်းသောကြောင့်  ဒေါ်ရေနံ့သာခင်ခင်ကြီး ပင်းဘုရားပွဲသို့လာမိခြင်း ဖြစ်လေသည်။
နေဝင်ရီတရောအချိန်၊ ဘုရားနှင့်ပွဲခင်းတစ်ဝိုက် ၌  မီးများလင်းလက်စပြုချိန်တွင်  ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် ဘုရားမြောက်ဘက် ပင်းချောင်း နံဘေး သဲသောင်ပြင်၌ ရောက်ရှိနေခဲ့သည်။ အပြန့် ကျယ်သော  ရှုခင်းကို  ငေးမောနေသည်။
ပင်းချောင်းရေသည် ငြိမ့်ငြိမ့်ယဉ်ယဉ် စီးဆင်းမြဲ စီးဆင်းနေသည်။ ထန်းတောကို လေတိုးနေသော အသံ၊ ပွဲခင်းဆီမှ ဗုံပတ်စာပိုးနေသံ၊ ပွဲဈေးခင်းမှ လူသံသူသံများကို ကြားနေရသည်။ တစ်ခါတစ်ရံ တွင် ပင်းဘုရား၏ ဆည်းလည်းသံသည်လည်း ရောက်လာတတ်သည်။ 
ဒေါ်ရေနံ့သာခင်ခင်ကြီး   ရပ်နေသောနေရာမှာ တစ်ချိန်က  ချစ်သူနှင့်ဆုံဖူးသောနေရာ၊   ယောက်ျား တစ်ယောက်၏  “ချစ်ပါသည်”   ဆိုသောစကားကို ပထမဆုံးအကြိမ်အဖြစ်   ကြားခဲ့ရသောနေရာ။ အချစ်၏   ဆန်းကြယ်နက်နဲခြင်းကို စတင်ခံစားရ သောနေရာ။ 
သည်နေရာကလေးကို ဒေါ်ရေနံ့သာခင်ခင်ကြီး မမေ့နိုင်သေး။  သို့နှင့်အမျှ  ရင်ထဲမှာ   ဝေဒနာ တစ်ရပ်ပေါ်ပေါက်လာသည်။ လွမ်းမောဖွယ်သော ဝေဒနာမျိုး။ သူ၏မျက်ဝန်းတွင်  မျက်ရည်ကြည် ဝေ့လည်လာသည်။  အမြင်မှာ  မှုန်ဝါးလာသည်။ ငိုရှိုက်လိုစိတ်ပင် ပေါ်ပေါက်လာသည်။
လူတချို့တို့သည်   ပင်းချောင်းအတွင်း ရေချိုး ဆင်းကြသည်။ တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့် တစ်ယောက် ပြောင်ဟယ် နောက်ဟယ်နှင့်။ ရေနှင့် ပက်ကစားကြသူများလည်းမရှား။ သူတို့သည် ဒေါ်ရေနံ့သာခင်ခင်ကြီးအား  ဂရုထားကြည့်မိကြ သည် မှန်၏။ သို့ရာတွင် သူ၏   အဇ္ဈတ္တသဏ္ဌာန်ကို မြင်စွမ်းနိုင်ခြင်းမရှိကြ။   သူ၏ရင်မှဝေဒနာကို လည်း နားလည်နိုင်ကြလိမ့်မည် မဟုတ်။ ၎င်းတို့ ကား လွတ်လပ်ပျော်ရွှင်နိုင်စွမ်းရှိကြသူများပါပေ။ ဖြစ်နိုင်မည်ဆိုလျှင် ဒေါ်ရေနံ့သာ ခင်ခင်ကြီးမှာ ၎င်းတို့၏ဘဝကို ရယူလိုလျက်ရှိချေသည်။ 
ယင်းအချိန်တွင် ဒေါ်ဝင်းရီနှင့် နန်းကိန္နရီတို့မှာ ဈေးတန်းတွင်းသို့ ရောက်ရှိနေကြသည်။
ဈေးတန်းမှာ စည်နေလေပြီ။ လူသူ ပြည့်သိပ် ကျပ် ညပ်နေသည်။ အတိုးတိုးအဝှေ့ဝှေ့ဖြစ်နေသည်။ သွားလိုရာခရီးကို   မရောက်နိုင်။   အထူးသဖြင့် 
နန်းကိန္နရီတို့ဘေးနှင့် နောက်မှ လူရွယ်တစ်သိုက် လိုက်ပါလာကြောင်း တွေ့ရသည်။
စင်စစ် ထိုလူသိုက်သည် ပင်းဘုရားဈေးတန်း ကျမှ လိုက်ပါလာသည်မဟုတ်။ လမ်းကတည်းက လိုက်ပါလာကြခြင်းဖြစ်သည်။
မြို့သို့ သူစိမ်းမိန်းကလေးတစ်ယောက် ရောက် လာသည်။ ယင်းမိန်းကလေးမှာ  လှပချောမော သည်။ တည်းခိုသည့်အိမ်မှာလည်း ရေနံ့သာအိမ်။ သည်တော့လည်း မြို့ခံ ကာလသားတစ်သိုက်အတွင်း ယင်းမိန်းကလေး၏သတင်း  ပျံ့နှံ့သွားသည်။ စိတ်ဝင် တစားရှိနေကြသည်။ 
အိမ်ရှေ့မှ လျှောက်ပြန်သံပေးလုပ်သူများလည်း မရှား။ လမ်းထွက်ပြီဆိုလျှင်လည်း မယောင်မလည်နှင့် စောင်းငဲ့ကြည့်ရှုသူတွေ   အပေါသားပင်။   သို့ဖြင့် နန်းကိန္နရီသည် ရောက်စရက်ကတည်းက အမည် သတင်း ကျော်စောနေသည်။
ပင်းဘုရားပွဲတော်သို့ နန်းကိန္နရီ မလွဲမသွေရောက် ရမည်ဆိုခြင်းကို   ရိပ်မိကြပုံရသည်။  မည်သူမဆို ပင်းဘုရားပွဲတော်ရက်နှင့် တိုက်ဆိုင်ပြီး ရေနံချောင်း သို့ရောက်ရပါက ပင်းဘုရားပွဲတော်သို့ မသွားဘဲ နေလေ့မရှိ။ အရောက်သွားမိကြသည်။ ထို့ကြောင့် အချို့က ပင်းဘုရားပွဲတော်၌ နန်းကိန္နရီနှင့်ဆုံမိရန် စိတ်စောနေခဲ့ကြသည်။
ပင်းဘုရားသို့ နန်းကိန္နရီတို့ရောက်လာလေလျှင်လည်း ဇရပ်ရှေ့မှ ဖြတ်၍လျှောက်သူမရှား။ မနီး မဝေးမှ စောင့်ဆိုင်းကြည့်သူကြည့်နှင့်။
သို့ဖြင့် ယခုဈေးတန်းသို့ လာလေပြီဆိုသောအခါ နန်းကိန္နရီတို့၏ နောက်မှ တစ်အုပ်တစ်မကြီး ပါလာ လေသည်။ တဟေးဟေး တဟားဟားနှင့် ပြောင်ကြ နောက်ကြသူတွေလည်း  ပါသည်။   အတင်းအကျပ် တိုးဝှေ့လာကြသူတွေလည်းရှိသည်။
ဈေးတန်းမှာ လူအစည်ကားဆုံးအချိန်သို့ ရောက် လာသည်။ နေဝင်ရပြီဖြစ်၍ ဈေးတန်းမှမီးရောင်ကို အားပြုရသည်။ သည်အချိန်တွင် နန်းကိန္နရီနှင့် ဒေါ်ဝင်းရီမှာ   လူအကြားတွင်    ပိတ်မိနေသည်။ တိုးထွက်၍လည်းမရ။ သွားချင်သည့်နေရာသို့လည်း မရောက်နိုင်။  လူအုပ်ရွေ့လျားရာသို့  အလိုလိုပါလာ ကြသည်။ 
လူသူများပြားလွန်းလှသောကြောင့် နန်းကိန္နရီ ကြောက်လန့်စပြုလာသည်။ ဒေါ်ဝင်းရီ၏လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားမိသည်။ လူငွေ့ဖြင့် အိုက်လှောင်နေသည်။ ချွေးပြန်နေသည်။ ငြီးစီစီ    ဖြစ်လာသည်။
ဒေါ်ဝင်းရီသည်    လူအုပ်ထဲမှ     တတ်နိုင်သမျှ          တိုးထွက်သည်။   သို့တိုင်အောင်   တိုးဝှေ့၍မရ။ ကြာသော် ဒေါသပင်ဖြစ်လာရသည်။ အနီးကပ်ဆုံး မှာရှိသူကို ရန်ထောင်မိသည်။
ယင်းအချိန်မှာပင်           ဈေးတန်းတစ်နေရာဆီမှ မီးလန့်သည်။    အောက်လင်းဓာတ်မီးထွန်းရာမှ      ဆိုင်ခေါင်မိုးကို မီးလောင်ခြင်းဖြစ်သည်။ 
လူတို့ အထိတ်ထိတ်အလန့်လန့် ဖြစ်ကြရသည်။ အကြောက်ကြောက်အရွံ့ရွံ့  ရှိကြရသည်။ ပြေးသူ ပြေး၊ အော်သူအော်နှင့်။ ရုတ်တရက်တွင် ဈေးတန်း တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အများနည်းတူ     နန်းကိန္နရီတို့လူစုသည်လည်း ရုတ်ရုတ်သဲသဲဖြစ်သွားသောအထဲတွင် ပါသည်။
လူတို့ ပိုမိုကျပ်ညပ်လာသည်။ အခွင့်အရေးယူကာ လူကိုတိုးဝှေ့လာသူလည်း ရှိသည်။ 
လူအုပ်၏အရှိန်ဖြင့် နန်းကိန္နရီနှင့် ဒေါ်ဝင်းရီ   လက်တွဲပြုတ်သွားသည်။ လူချင်းကွဲသွားသည်။ အစသော် တစ်ယောက်နှင့်တစ်ယောက် လှမ်းမြင် ရသေးသည်။ ပြန်၍တွဲမိအောင် ကြိုးစားကြသေး သည်။ နောက်တော့ လူရေစီးကြောင်းအတိုင်း မျောပါ ခဲ့ကြသည်။ တစ်ယောက်တစ်နေရာ ဖြစ်သွားသည်။ လှမ်း၍ပင် မမြင်သာတော့။ 
နန်းကိန္နရီမှာ မိမိကိုယ်ကို လမ်းမှလျှောက်မိပါလော၊ မြေနှင့်ခြေတို့မှ ထိမိပါလေစ ထင်သည်။ ခြေမလှမ်းရဘဲ အလိုလိုလိုက်ခဲ့ရသည်က များသည်။ အရောရော အထွေးထွေးနှင့်ပင် လူအုပ်အကြားမှာ ပါလာခဲ့သည်။
တစ်စုံတစ်ဦးသည် မိမိ၏လက်ကို လှမ်းဆွဲလိုက် ကြောင်း နန်းကိန္နရီခံစားရသည်။ ထိုသူဆွဲရာသို့ပါလာ သည်။ နန်းကိန္နရီအား လမ်းနံဘေး လူကျဲရာဘက်သို့ ဆွဲလာသည်။
နန်းကိန္နရီမှာ ကိုယ်စွမ်းရှိသလောက် ဘာမျှမလုပ် နိုင်။ အသိမှာလည်း ထိတ်လန့်ခြင်းက ကြီးစိုးနေ၍ ဘာမျှမစဉ်းစားနိုင်ဘဲရှိသည်။ 
သို့ဖြင့် လမ်းဘေးလူကျဲရာသို့ ရောက်လာသည်။ ဆိုင်တစ်ဆိုင်အတွင်း ရောက်လာသည်။ ယခုမှပင် အသက်ရှူနိုင်သည်။ သို့တိုင်အောင် မောပန်းနေသေး သဖြင့် အသက်ပြင်းပြစွာ ရှူနေမိသည်။ မိမိအား ကယ်တင်လာသူကို မကြည့်နိုင်သေး။
“ကုလားထိုင်မှာ ထိုင်လိုက်လေ”
ကယ်တင်သူအမိန့်ပေးသဖြင့်    အနီးကပ်ဆုံး ကုလားထိုင်၌ ထိုင်ချလိုက်ရသည်။
“ကိုယ်ဖြင့်   မင်းကို  ဒီနေရာမှာမြင်လိုက်ရတာ သိပ် အံ့သြသွားသလိုပဲ အဲလစ်”
ကယ်တင်လာသူ၏စကားကြောင့်    နန်းကိန္နရီ ထိုသူ့ကို မော့ကြည့်မိသည်။
တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသောမျက်နှာ၊ တစ်ခါ တလေပင် အကျွမ်းတဝင်မရှိဖူးသောရုပ်သွင်ကို မြင် ရသည်။
လူ၏အသက်မှာ အလွန်ဆုံးရှိလှမှ နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်။   အရပ်မှာ   မြင့်မားသည်။ ရှည်ရှည်သွယ်သွယ်ဖြစ်သည်။ အသားညိုသည်။ မျက်နှာသွယ်သွယ်၊ နှာတံပေါ်ပေါ်နှင့် ရုပ်သွင်မှာ ကြည်လင်သည်။ အထူးခြားဆုံးမှာ ထူထဲမည်းနက် ကာ  နှာရောင်တွင်   ဆက်နေသောမျက်ခုံးနှင့် မျက်လုံးညိုညိုကြီးများ ဖြစ်ကြလေသည်။
သူသည် ငှက်ခါးရောင်စပို့ရှပ်အင်္ကျီနှင့် နက်ပြာ ရောင်ဘောင်းဘီကို   ဝတ်ထားသည်။ သူ့အရပ် အမောင်း၊ သူ့ခန္ဓာအချိုးအဆက်နှင့် သူ့အဝတ် အစားမှာ လိုက်ဖက်သည်။
ထိုသူသည် နန်းကိန္နရီအား ရင်းရင်းနှီးနှီးပုံစံဖြင့် ကြည့်နေသည်။ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင် တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
“ကဲ ပြောစမ်းပါဦး အဲလစ်၊ အမိ ဒီနေရာကို ဘယ် လိုလုပ်ရောက်လာရတာလဲ ဟင်”
“ရှင် . . .”
သူ၏ တရင်းတနှီးနိုင်လှသော မေးခွန်းကြောင့် နန်းကိန္နရီ အံ့အားသင့်ရသည်။ သူ၏မျက်နှာကို စူးစိုက်ကြည့်သည်။ မည်သည့်နေရာ၌ တွေ့ခဲ့ဖူး ပါလိမ့် စဉ်းစားသည်။ စဉ်းစား၍မရ။ တွေး၍မပေါ်။
နန်းကိန္နရီ၏မျက်နှာတွင် သူစိမ်းဆန်ခြင်း အရိပ် အယောင်တို့ လွှမ်းနေဆဲပင် ဖြစ်သည်။
“ကြည့်စမ်း၊ အဲလစ်။ မင်း သိပ်ကြောက်နေသလား ဟင်။ စကားတောင်မပြောနိုင်အောင် ကြောက်နေ တုန်းပဲလား”
သည်တွင် နန်းကိန္နရီသတိပြုမိသောအရာတစ်ခု ရှိ လာသည်။ ၎င်းမှာ မိမိအား “အဲလစ်” ဟူ၍       ခေါ်ဝေါ်သုံးနှုန်းနေခြင်းဖြစ်သည်။
“ရှင်၊ ရှင် လူမှားနေပြီ ထင်တယ်” 
“ဟင် .....”
ဟုတ်တယ်။ ရှင်လူမှားနေပြီ။ ကျွန်မနာမည် အဲလစ် မဟုတ်ဘူး”
နန်းကိန္နရီ၏စကားကို သူရယ်ပစ်လိုက်သည်။ သို့ရာတွင် သူသည် နန်းကိန္နရီအား ပိုမိုစူးစိုက်စွာ ကြည့်ကာ    တစ်စထက်တစ်စ     မျက်နှာထား တည်လာကြောင်း တွေ့ရသည်။
“မင်း၊ ကို့ကို မမှတ်မိဘူးလား အဲလစ်”
သူ၏အမေးကို   နန်းကိန္နရီ  ခေါင်းခါပြသည်။ ထိုအခါ    သူ၏မျက်နှာမှာ    ဆန်းကြယ်သလိုရှိ သွားကြောင်း တွေ့ရသည်။
“ကျွန်မအမှန်ပြောတာပါ။ ရှင်လူမှားနေတာရင် လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကျွန်မရှင့်ကို မေ့နေတာရင်လည်း   ဖြစ်ချင်ဖြစ်နိုင်တယ်။  ရှင် ဘယ်သူလဲဆိုတာ ကျွန်မ မသိဘူး။ တစ်ခုတော့ ပြောနိုင်ပါတယ်။ ကျွန်မနာမည်  အဲလစ်မဟုတ် တာတော့ သေချာတယ်”
နန်းကိန္နရီ ကြိုးစားဖြေရှင်းရသည်။ 
“ဒါဖြင့် မင်းနာမည်က ဘာလဲဟင်” 
“နန်းကိန္နရီ”
သည်အမည်ကို ရုတ်တရက် သူနားလည်ပုံမရ။ ထပ်ပြောရသည်။ 
“ကျွန်မနာမည် နန်းကိန္နရီလို့ ခေါ်ပါတယ်”
သည်တွင် သူသည် “နန်းကိန္နရီ၊ နန်းကိန္နရီ” နှင့် ခေါ်စမ်းကြည့်နေလေသည်။   ပြီးလျှင် စိတ်ရှုပ် သွားသလို သက်ပြင်းရှိုက်ထုတ်လိုက်သည်။ 
“အေးဗျာ။    ရုတ်တရက်မှာ    ကျွန်တော်က ကျွန်တော်နဲ့ ခင်ဖူးတဲ့ အဲလစ်မှတ်လို့။ ကျွန်တော့် မှတ်ဉာဏ်ကပဲ    ချို့တဲ့လေသလား၊   ခင်ဗျားကပဲ အဲလစ်နဲ့တူလို့လား မသိဘူး။ ဒါပေမဲ့ ဖြစ်ချင်းဖြစ်ရင် ခင်ဗျားက အဲလစ်နဲ့တူလို့ပဲ နေမှာပါ။
ဆက်လက်ဖော်ပြပါမည်။