ပရီမီယာလိဂ်ကလပ် မန်ယူအသင်းဟာ အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟက်ကို လာမယ့်ရာသီ အတွက် အသင်းရဲ့ နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိ နယ်သာလန်နိုင်ငံသား နည်းပြအဲရစ်တန်ဟက်ဟာ ယခုနှစ်ဘောလုံးရာသီ ကုန်မှာ လက်ရှိယာယီနည်းပြ ရန်းနစ်ထံကနေ မန်ယူအသင်းနည်းပြရာထူးကို လွှဲပြောင်းရယူတော့မှာ ဖြစ်ပြီး ကနဦးအနေနဲ့ သုံးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုထားကာ နောက်ထပ် တစ်နှစ် သက်တမ်းတိုး ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ရန်းနစ်ဟာ နိုဝင်ဘာလအတွင်းက နည်းပြဆိုးရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ယာယီ ခန့်အပ်ခြင်းခံခဲ့ရတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းက အဲရစ်တန်ဟက်ကို ခန့်အပ်လိုက်ပြီ ဖြစ်တာကြောင့် အဲရစ်တန်ဟက်ဟာ ၂၀၁၃ ခုနှစ်အတွင်းက ဂန္ထဝင်နည်းပြ ဆာအဲလက်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း မန်ယူအသင်းခန့်အပ်ခဲ့တဲ့ ငါးဦးမြောက် အမြဲတမ်းနည်းပြလည်း ဖြစ်လာ ခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက အေဂျက်အသင်းနည်းပြတာဝန် ထမ်းဆောင် ခဲ့တာဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွေမှာ အေဂျက်အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြအဲရစ်တန်ဟက်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ အေဂျက်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုနဲ့ ဆီဗီလာနည်းပြ ဂျူလန်လိုပက်တီဂွီတို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အေဂျက်အသင်းနည်းပြ အဲရစ် တန်ဟက်ကိုပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်