နေပြည်တော် ဧပြီ ၂၂
မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင် ပြင်ဆင်မှု အစည်းအဝေးကို ယနေ့၊ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Command Center အစည်းအဝေးခန်းမ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လက်ရှိ ကာလတွင် ရောဂါကူးစက်မှုအခြေအနေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လျက်ရှိကာ ဖြေလျှော့မှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်အခါသည် ပုံမှန်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုနှင့်တစ်ခု ဖြစ်ပွားနိုင်သော ဘေးအန္တရာယ်အမျိုးအစားနှင့် ဖြစ်ပွား နိုင်မှုအတိုင်းအတာ ကွာခြားမည်ဖြစ်ပါ၍ မိမိတို့ဒေသအလိုက်၊ မြို့နယ်အလိုက် ဖြစ်ပေါ် လာနိုင်သော ဘေးအန္တရာယ်အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိုးကြို/မိုးရာသီ ကာလတွင် မုန်တိုင်းတိုက်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ရေကြီး ခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်တွင် လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ပိုမိုကြုံတွေ့ ရနိုင်သည်ဖြစ်၍ ဆေးရုံများရှိ လူနာနှင့် လူနာစောင့်များ ဘေးအန္တရာယ်ကင်းစေရေး၊ ကျန်းမာရေးဌာနအဆောက်အဦများ ဘေးကင်းစေရေး၊ ဆေးနှင့် ဆေးပစ္စည်းများ မပျက်စီးစေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
အသက်အရွယ်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ယာယီစခန်း (IDP Camp) များတွင် နေထိုင်ရသူများစသည့် ထိခိုက်လွယ်အုပ်စု (vulnerable group) များတွင် ဘေးအန္တရာယ်ကြောင့်ပိုမိုထိခိုက်နိုင်ကာ ကျန်းမာရေးပြဿနာများလည်း ပိုမိုဖြစ်ပွား နိုင်သည် ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မြေကိုက်ခံရမှုအစရှိသည့် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာနိုင်သောကြောင့် ရေသန့်စင်ဆေးပြားများ၊ ဓာတ်ဆားများ၊ မြွေဆိပ်ဖြေဆေးများ အပါအဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများကြိုတင်ပြင်ဆင် ထားရှိရမည်ဖြစ်ပါကြောင်း။
အလားတူ မိုးရာသီကာလတွင်ဖြစ်ပွားမှုများပြားသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေး ရောဂါနှင့် အခြားကူးစက်ရောဂါများအတွက် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် အသင့်ပြင်ဆင် ထားရှိသော ဘေးအန္တရာယ်ဆိုင်ရာသုံး ဆေးသေတ္တာပုံးများတွင် ဆေးဝါးများမပြတ်လပ်စေရေး ဖြည့်ဆည်းထားရမည် ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် ကွပ်ကဲကြီးကြပ်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများသည် အရေးကြီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အရေးပေါ်အခြေအနေ ကွပ်ကဲမှုစင်တာများတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၏ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှု စင်တာများကိုလည်း အသင့်အနေအထား ဖြစ်နေစေရန် စီမံဆောင်ရွက်ထားရမည်ဖြစ်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ (Rapid Response Team) များကို ခရိုင်/ မြို့နယ်အဆင့်များအထိ အသင့်အနေအထား ဖွဲ့စည်း လေ့ကျင့်ထားရမည် ဖြစ်ပါကြောင်း။
ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး (safety) ကိုလည်း အမြဲ အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူဖြန့်ဝေပေးထားသော အသက်ကယ်အ င်္ကျီ (life jacket) များကိုလည်း ရေကြီးရေလျှံ ဖြစ်ပွားရာ ဒေသများတွင် အသုံးပြုနိုင်ရေးအတွက် အောက်ခြေအဆင့်အထိရောက်အောင် ဖြန့်ဖြူးထားရှိရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးပေးမည်ဖြစ်ကာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ အနေဖြင့် အကျိုးရှိ ထိရောက်စွာ အသုံးပြုဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေတုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲက (၂၀၂၁) ခုနှစ်မှ ယခုအထ ိဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြကာ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


