လွိုင်ကော် ဧပြီ ၂၃
ကယားပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပေးအပ်ပွဲကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ပြည်နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်၍ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများ လတ်တလော စားဝတ် နေရေးအတွက် လိုအပ်သည့် စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် နေအိမ် အဆောက်အအုံများ ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ နယ်မြေနှင့်ပြည်သူများ၏ လုံခြုံရေးအတွက် လွိုင်ကော် တပ်နယ်နှင့် လုံခြုံရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်း လာစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအကြား အပြန်အလှန် ယုံကြည်လေးစား မှုနှင့် ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း” အမှာစကား ပြောကြားသည်။
ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်ခရိုင်ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားကျောင်းများ၊ သီလရှင်ကျောင်းများ၊ လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ ဖြစ်သော မိုင်းလုံး၊ ပန်ကန်း၊ ချိကယ်၊ ဒေါဆော်ဘီး၊ ထူသူငံသ၊ မှုံပြာ၊ ရွာတန်းရှည်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ အိုကေကျေးရွာအုပ်စု ကျွန်းတောကျေးရွာ၊ သာယပ်ကျေးရွာများရှိ ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ နေရပ်ပြန်ပြည်သူများအတွက် စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်ကွက်/ကျေးရွာများမှ ရပ်မိရပ်ဖများက လက်ခံရယူကြသည်။
အခမ်းအနားတွင် လွိုင်ကော်ခရိုင်အတွင်း ပျက်စီးသွားသောအဆောက်အအုံ စုစုပေါင်း အလုံး ၁၄၀ အတွက် ထောက်ပံ့ငွေကျပ် ၄၁၉၀၀၀၀၀၊ သွပ်ချပ် ၂၉၆၀၊ ဘိလပ်မြေ ၁၁၇၈ အိတ်၊ ယာယီတိုက်ပွဲရှောင် စခန်း ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းတို့အတွက် လှူဒါန်းငွေ ကျပ် ၈၅၀၀၀၀၊ မှုံပြာကျေးရွာနှင့် ကျွန်းတောကျေးရွာရှိ နေရပ်ပြန်အိမ်ထောင်စု ၃၆၀ နှင့် ယာယီ ရှောင်တိမ်း အိမ်ထောင်စု ၁၃၅ စုတို့အတွက် ဆန် ခြောက်ပြည်အိတ် ၄၆၉ အိတ်၊ ဆီ ၁၅၃ ပိဿာ၊ ဆား ၁၀၈ ပိဿာနှင့် ကြက်သွန် ၂၃၈ ပိဿာ (တန်ဖိုး ၆၁၉၁၂၇၀ ကျပ်)တို့ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေမှာ ငွေကျပ် ၇၉၈၉၄၇၂၀ ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်မှုအနေဖြင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များမှ ပြည်သူ ၆၆၁ ဦးအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


