ငဖဲ ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ရေရရှိရေးလုပ်ငန်းနှစ်ခုနှင့် ကျေးလက်ကုန်ထုတ်လမ်း သုံးခုကို ပြည်ထောင်စုရန်ပုံငွေ ၁၁၆ ဒoမ ၆ သန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စာတက်ကူကျေးရွာ၌ ပေ ၂၀၀၀ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ အမြင့် ၁၀ ပေ၊ ငါးပေပတ်လည် ရေစက်ရုံတည်ဆောက်ခြင်း၊ လျှပ်စစ်မီတာနှင့် မော်တာတပ်ဆင်ခြင်း၊ ကုန်းသာကျေးရွာ၌ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ အမြင့် ၁၀  ပေ၊ ရှစ်ပေပတ်လည် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၅ ဒသမ ၆၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆင်ချည်တိုင်ကျေးရွာ၌ လမ်းအရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ ၎င်းလမ်းပေါ်ရှိ အရှည် ၁၈ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၆ ပေ slab culvert တစ်စင်းတည်ဆောက်ခြင်း၊  ချောင်းဖြူကျေးရွာ၌ လမ်းအရှည် ၄ ဒသမ ၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ကိုးလက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ သရက်ပင်ကျေးရွာ၌ လမ်းအရှည် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ကိုလက်မ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၈၅ ဒသမ ၉၅ သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝိုင်းယုမော်ထံမှ သိရသည်။

အဆိုပါ ရေရရှိရေးလုပ်ငန်းနှစ်ခု ဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ အိမ်ခြေ ၅၅၀ အိမ်၊ လူဦးရေ ၁၈၉၂ ဦးအတွက် သောက်သုံးရေ ဖူလုံစွာရရှိမည် ဖြစ်သည့်အတွက် နွေရာသီတွင် ရေရှားပါးသည့် အခက်အခဲများအဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာသုံးရွာ၏  အိမ်ခြေ ၈၃၅ အိမ်၊ လူဦးရေ ၃၁၇၉ ဦး၊ လယ်ယာစိုက်ပျိုးဧက ၄၂၀ တွင် စိုက်ပျိုးထားသည့် စပါး၊ ပဲမျိုးစုံနှင့် အခြားသီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇင်မာ