ရန်ကုန် ဧပြီ ၂၅
NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲအုပ်စုစတုတ္ထနေ့ကို ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ရှုံးပွဲဆက်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင် ကစားရာ သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အင်ဒိုနီးရှားကို အပြန်အလှန်သွင်းဂိုးများဖြင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို ခင်ပြည့်လင်းနှင့် ဇင်မိုးပြည့်တို့က သွင်းယူခဲ့သည်။ အုပ်စုအခြားပွဲတွင် ထိုင်းလက်ရွေးစင်အသင်းက ထိုင်း All Stars အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲစဉ်များ အပြီးတွင် ထိုင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့က သုံးပွဲကစား ကိုးမှတ်စီ၊ ထိုင်း All Stars အသင်က လေးပွဲကစား ကိုးမှတ်၊ သြစတြေးလျကလပ် South Perth အသင်းနှင့် မြန်မာ့ လက်ရွေးစင်အသင်းတို့က သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
အုပ်စုနောက်ဆုံးနေ့ကို ဧပြီ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် သြစတြေးလျကလပ် South Perth အသင်း၊ ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ကိုညီလေး