မူဆယ်   ဧပြီ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၃၇ ဒသမ ၅ သန်းအသုံးပြု၍ ကျေးရွာ သုံးရွာ၌ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဖောက်လုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မူဆယ်မြို့နယ်အတွင်းရှိ မန်ခုံလုံကျေးရွာ၌ ကုန်ထုတ်လမ်း ၁ ဒသမ ၄ မိုင်ဖောက်လုပ်ခြင်းနှင့် Box Culvert တစ်စင်းတည် ဆောက်ခြင်း၊ ကောင်းဝိန်း+လင်းလိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း ၂ မိုင်ဖောက်လုပ်ခြင်းနှင့် Box Culvert တစ်စင်းတည်ဆောက် ခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၃၇ ဒသမ ၅ သန်း ဖြင့် ဖောက်လုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်ကပြောပြသည်။

အဆိုပါ ကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း တံတားလုပ်ငန်းများဖောက်လုပ်ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ ၁၉၄ အိမ်၊ လူဦးရေ ၉၈၃ ဦးတို့၏ ကျေးလက်လယ်ယာ ထုတ်ကုန်ဧက ၅၄၂ ကျော်တို့၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးများ ကောင်းမွန်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်က ပြောပြသည်။

စိုးမိုးကျော်