ပဲခူး ဧပြီ ၂၅
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ပျော်ပွဲရွှင်ပွဲဇာတ်သဘင်ပွဲ ဖျော်ဖြေတင်ဆက်မှုအား ဧပြီ ၁၈ ရက်မှ ၂၄ ရက်အထိ တက္ကသိုလ်ရဲမင်းသွေး ဦးဆောင်သည့် ဒို့မြန်မာဇာတ်သဘင်ပွဲမှ ရွှေမော်ဓောစေတီမြတ်ကြီး၏ ယာဉ်ရပ်နားကွင်း၌ ကပြဖျော်ဖြေ တင်ဆက်လျက်ရှိကြောင်း သိရသည်။
မင်းသားတက္ကသိုလ်ရဲမင်းသွေး ဦးဆောင်သည့် ဒို့မြန်မာဇာတ်သဘင်ပွဲအနေဖြင့် ဧပြီ ၁၈/ ၁၉/ ၂၀/ ၂၂/ ၂၃ ရက်တို့တွင် ဗလာပွဲအဖြစ် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ပွဲချစ်သူပရိတ်သတ်များမှာ များပြားစွာ လာရောက်ကြည့်ရှုအားပေးကြပြီး ဧပြီ ၂၄ ရက် (နောက်ဆုံးနေ့) တွင်လည်း ကပြဖျော်ဖြေတင်ဆက်ပေးရာ ပွဲကြည့်ရှုသူပရိတ်သတ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးဗဟိုကော်မတီအဖွဲ့အနေဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တက္ကသိုလ်ရဲမင်းသွေး ဒို့မြန်မာဇာတ်သဘင်ပွဲအား ၁၈/ ၁၉/ ၂၀ ရက်အထိ (၃)ရက် ကပြဖျော်ဖြေတင်ဆက်ပေးရန် စီစဉ်ထားသော်လည်း ပွဲကြည့်ရှုသူပြည်သူများ၏ တောင်းဆိုမှုကြောင့် ၂၂/ ၂၃/ ၂၄ ရက်အထိ (၃)ရက်တိုး၍ ကပြဖျော်ဖြေတင်ဆက်ပေးရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ဘုရားပွဲဈေးတန်းတွင်လည်း ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


