ရန်ကုန် ဧပြီ ၂၅
အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံရှိ ပြည်သူများသို့ လူသားချင်း စာနာထောက်ထားမှုအဖြစ် လှူဒါန်းသော ဆန်နှင့် ဂျုံများ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နေမှုများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ယနေ့ နံနက်ပိုင်း၌ သွားရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၁)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အိမ်ထောင်စု (၅၉၉)စုအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၅၉၉)အိတ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၁) ရပ်ကွက်ရှိအိမ်ထောင်စု (၁၁၂၇)စုအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၁၁၂၇)အိတ်နှင့် (၆၇)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၀၄၆)စုအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၁၀၄၆)အိတ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ပုဂံလမ်းနှင့် ဇေယျာမြိုင်လမ်းထောင့် (၅၄)ရပ်ကွက်ရုံးတွင် အိမ်ထောင်စု (၉၃၄)စုအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၉၃၄)အိတ်နှင့် အိမ်ထောင်စုအလိုက် (၁)ကီလိုပါ ဂျုံအိတ်များအား တာဝန်ရှိသူများက ပြည်သူလူထု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နေမှုများကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများဖြစ်သည့် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတ လူမှုရေးအသင်းအဖွဲ့များကို ကျေးဇူးတင်စကားပြောကြားကာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့် ဂျုံများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်ဖြစ်သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ သာကေတ၊ သန်လျင်၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များရှိ အိမ်ထောင်စုပေါင်း ၁၆၀၀၀၀ အတွက် အိမ်ထောင်စုတစ်စုလျှင် (၂၄)ပြည်ပါ ဆန်အိတ် ၁၆၀၀၀၀ နှင့် ဂျုံ (၅၀)ကီလိုဂရမ်ပါ အိတ် ၃၉၅၅ အိတ်တို့အား အမှန်တကယ်လိုအပ်သော စားနပ်ရိက္ခာ အခက်အခဲရှိသည့် ပြည်သူများလက်ဝယ်အရောက် လိုက်လံဖြန့်ဝေ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


