နေပြည်တော်၊ ဧပြီ ၂၅
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၃ ရက် ည ၇ နာရီတွင် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ (၇) လမ်းတွင် သက်ဇော် (ခ) ညောင်ညောင်အား မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားနှင့် မြန်မာငွေကျပ် ၆၈,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ည ၈ နာရီ ၁၅ မိနစ်တွင် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ ကမြောကင်းလမ်းရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၅၁၆ ပြားနှင့် အိုက်စ် သုည ဒသမ ၃၇၅ ကီလိုတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ (၇) လမ်းတွင် စန်းလွင်အား မော်တော်ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ တောလမ်း၊ အမှတ် (မ/၅၆) နေ မသီတာလှိုင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၆၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ မန္တလေး - လားရှိုးသွား ကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄) အနီးတွင် ဇော်ဝင်း (ခ) ကာဆင် မောင်းနှင်လာသော AD Van အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား